ရန်ကုန်တိုင်းဒေသကြီး၊ မြောင်းတကာစက်မှုဇုန်၊ ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံမှ အလုပ်သမားများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုသတင်း
၁။ ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်းရှိ စက်ရုံအမှတ် (၂၁၀)၊
ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံတွင် အလုပ်သမားများအား နံနက်စာ ကျွေးမည်ဟု
ဆိုသော်လည်းမကျွေးကြောင်း၊ တစ်နေ့ ၈ နာရီအလုပ်ချိန်အစား နံနက် ၇ နာရီမှ ၄ နာရီအထိ
တစ်ဆက်တည်း ၉ နာရီကြာ လုပ်ကိုင်ရကြောင်း၊ အချိန်ပို လုပ်အားခကို လစာတွင် ထည့်သွင်းပေးခြင်းမရှိကြောင်း၊ ယခင်ကအလုပ်သမား ၁၆ ဦးဖြင့် ၉ နာရီကြာ
လုပ်ခဲ့ရသောအလုပ်တစ်ခုကို ယခုအလုပ်သမား ၈ ဦးဖြင့်
အတင်းအကြပ်ခိုင်းစေခြင်းခံနေရကြောင်းစသည်တို့ကို မှော်ဘီမြို့နယ်သံမဏိ၊
သံရည်ကျို၊ ခဲ၊ သတ္တုလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းလာသည့် ကိစ္စနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော
ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော် နှင့် ဒေါ်မြမြတို့သည် ကော်မရှင်
ရုံးဝန်ထမ်းများလိုက်ပါလျက် ၁၆-၂-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။
၂။ စစ်ဆေးတွေ့ရှိချက်များအရ
တိုင်တန်းချက်များမှာ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးတွေ့ရှိချက်နှင့်
အကြံပြုတိုက်တွန်းချက်များကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာစက်ရုံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။




