အခြေအနေမဲ့ပပျောက်သူများ စီမံချက်အရ လမ်းပေါ်ရောက်ကလေးများကို ထိန်းသိမ်းထားရှိသော နာနတ်တော စခန်းသို့ ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင်
ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ကလေးသူငယ်အခွင့်အရေးဆိုင်ရာအရာရှိ
ဦးအာကာဟိန်းစိုး နှင့် ကော်မရှင်ရုံး ဝန်ထမ်းများပါဝင်သောအဖွဲ့သည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အခြေအနေမဲ့နှင့် တောင်းရမ်းသူများ
ပပျောက်သူများ စီမံချက်အရ လမ်းပျော်ကလေးများကို ထိန်းသိမ်းထားရှိသော ဟံသာဝတီ
နာနတ်တောစခန်းသို့ ၂၀၁၇ ခုနှစ် မေလ ၄
ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းစီမံချက်ကို စည်ပင်သာယာ ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်ရှိသည့်
အဆိုပါ ကလေးသူငယ်များ၏ အသက်ရှင်ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်အရ
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် အခြေအနေများကို စီမံချက်တာဝန်ခံရဲမှူးက
ရှင်းလင်းပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။
ကော်မရှင်အဖွဲ့သည် ကလေးသူငယ်တစ်ဦးချင်းစီနှင့် သီးသန့်တွေ့ဆုံဆွေးနွေး
မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသူငယ်
၁၆ ဦးအနက် ကလေးသူငယ် အများစုမှာ အတန်းပညာရေးကို ပထမတန်းမှ သတ္တမတန်းအထိ နေခဲ့ဖူးသူများဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမှ ထွက်လာရသူများ ဖြစ်ကြောင်း
သိရှိရပါသည်။ လမ်းပေါ်ရောက်ရှိလာရခြင်း အကြောင်းအရင်းများအနက် မိထွေး၊
ပထွေးများနှင့် မနေချင်၍ အိမ်မှထွက်ခွာ လာရခြင်းသည် အများဆုံးဖြစ်ကြောင်း
ကလေးများကို မေးမြန်းချက်များအရ သိရှိရပါသည်။ ယင်းကလေးများသည် လမ်းပေါ်တွင်
သွားလာကြပြီး ပလပ်စတစ် ဘူးခွံကောက်ခြင်း၊ အချို့ကလေးများသည် ပစ္စည်းများကို
အလစ်သုတ်ခြင်း၊ ဖုန်းများကို ခိုးယူခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ကလေးများအနက် အချို့ကော်ရှုသည့် အလေ့အထရှိခဲ့သည်ကို သိရှိခဲ့ရပါသည်။
ထိန်းသိမ်းစောင့်ရှောက်ထားသော ကလေးသူငယ်များကို မိဘအုပ်ထိန်းသူနှင့် ပြန်လည်
ဆက်သွယ်ပေးမှုများကို ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူမရှိသော ကလေးသူငယ်များကို
လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း အသီးသီးသို့ လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

