အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဖိုရမ်၏ ဆက်စပ်အစည်းအဝေး သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တက်ရောက်

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကို ဖိုရမ်၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ virtual online platform အသုံးပြု၍ ကျင်းပခဲ့ပါသည်။ 

လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများမှ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၄၇) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ ကြပါသည်။ 

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ဖိုရမ်၏ (၁၈) ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင် များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့အကြား နိုင်ငံမဲ့ဖြစ်နေသူများအခွင့်အရေးနှင့်စပ်လျဉ်း၍ လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန် (MOU) ပါ လုပ်ငန်းရပ်များ ဆောင်ရွက်မှုအခြေအနေ များ၊ ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ်၊ လုပ်ငန်းစီမံချက်တို့ပါ လုပ်ငန်းရပ် များကို အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများအခွင့်အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့်စပ်လျဉ်းသော ဆောင်ရွက်ချက်များ မျှဝေဆွေးနွေးခြင်း ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သတင်းအချက်အလက်များ လုံလောက်စွာ မရရှိ ခြင်းနှင့် လွဲမှားသည့် သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်းသော ကိစ္စရပ်များ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စရပ်များ၊ ဖိုရမ်နှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ထိတွေ့ဆက်သွယ်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် (၁၉) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကျင်းပရေးကိစ္စရပ်များ စသည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ 

လုပ်ငန်းအဖွဲ့အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ (၁၈) ကြိမ် မြောက် ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးအပြီး လူ့အခွင့်အရေးမြှင့်တင်ပညာပေးရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်ကလည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သတင်းအချက်အလက်များ လုံလောက်စွာ မရရှိခြင်းနှင့် လွဲမှားသည့် သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းကလည်းကောင်း တင်ပြဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်နှင့် ဘာသာရပ် အလိုက် ဆွေးနွေးမှုများတွင် ပါဝင်အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ 

၂၃-၃-၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် virtual online platform အသုံးပြုကျင်းပခဲ့သော ဖိုရမ်၏ ဆက်စပ်အစည်းအဝေးတစ်ရပ်အဖြစ်ကျင်းပသောSEANF Leadership in Mitigating Disinformation to Promote Human Rights Online Discussion Series on Influence Operationsသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆက်စပ် အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ The Centre for Humanitarian Dialogue (HD) အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် အဖွဲ့ဝင်အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။  

အခမ်းအနားတွင် သတင်းအချက်အလက်လုံလောက်စွာမရရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများ၊ သတင်းအချက်အလက် လုံလောက်စွာမရရှိခြင်းကြောင့် အမျိုးသမီးများနှင့် အားနည်းထိခိုက်လွယ်သည့်အုပ်စုများအပေါ် သက်ရောက်မှုများ အစရှိသည့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသောကိစ္စရပ်များကို တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး SEANF အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများက ဘာသာရပ်နှင့်စပ်လျဉ်း၍ အတွေ့အကြုံများ မျှဝေဆွေးနွေးခြင်း တို့ ပြုလုပ်ခဲ့ကြပါသည်။ 

Recent News