အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်ခြင်း
အာဆီယံပဋိညာဉ်အရ
အာဆီယံက အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သော အာဆီယံလူ့အခွင့်အရေး
ယန္တရားလုပ်ငန်းအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
အဖွဲ့ဝင် ဦးညွန့်ဆွေသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက် အထိ
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပသော
အာဆီယံ အသိုက်အဝန်း လမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့
လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်မှ
ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး မြှင့်တင်ရေးနှင့်
ကာကွယ်ရေးဆိုင်ရာ အာဆီယံကော်မရှင်မှ ကိုယ်စားလှယ်များ၊
အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အသီးသီးမှ
ကိုယ်စားလှယ်များ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ဆောင်ရေးအတွက် တာဝန်ရှိသည့်
အာဆီယံ နိုင်ငံအသီးသီး၏ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်ဆိုင်ရာ
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ၏
အဓိကရည်မှန်းချက်များမှာ အာဆီယံအသိုက်အဝန်းလမ်းပြ မြေပုံအား
အကောင်အထည်ဖော်ဆောင်မှု အနေအထားကို လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ် ဆွေးနွေးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်
အဖွဲ့အစည်းအသီးသီးတို့ အကြား ညှိနှိုင်း ဆောင်ရွက်မှု အနေအထားကို
သုံးသပ်ဆွေးနွေးရန်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို ဘာသာရပ်အလိုက် အပိုင်း ၆
ပိုင်းခွဲ၍ ဆွေးနွေးကြရာ အပိုင်း ၄ – လူမှုရေး – ယဉ်ကျေးမှု လမ်းပြမြေပုံ
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်
ဦးညွန့်ဆွေက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
