၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊
ရာမညဇာနည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား
ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍အမှာ စကားပြောကြားပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးက အမှာစကား
ဆက်လက်ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာ
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ်
ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ
ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊
မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်
တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊
ဒေါက်တာဉာဏ်ဇော်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊
လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ဆွေးနွေးပို့ချသွား မည်ဟုသိရှိရပါသည်။
၃။ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင် အနေဖြင့် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့များရှိ
လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံးများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင်
ပြုလုပ်ခဲ့ပြီး ယခု ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ဆဋ္ဌမမြောက်
ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။


