ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

  • News

    ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ရေးအတွက် အကြံပြုတိုက်တွန်းချက်များကို မြန်မာနိုင်ငံက အကောင်အထည်ဖေါ်ဆောင်ရေးအတွက် အမျိုးသားအဆင့် ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အဆိုပါ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းကို အထောက်အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေပြည်တော်ရှိ၊ အမရာဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် UPR လုပ်ငန်းစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရမည်ဖြစ်သဖြင့် အစီရင်ခံစာတင်သွင်းရန်ရှိပါကြောင်း၊  UPR ဒုတိယအကျော့ သုံးသပ်မှုခံယူခဲ့စဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်ကိစ္စရပ်များ အလွတ်သဘော ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ် Mr. David Henry Mueller က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့်  အလုပ်ရုံဆွေးနွေးမှ ဆွေးနွေးမှုများသည် များစွာအကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားပါသည်။

    ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့်UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ LWF မှ Deputy Program Manager ဦးစံသိန်းမောင်က Lutheran World Federation ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် UPR နှင့်ဆက်စပ်သည့် လုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

    ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေးအကြံပြုသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုချက်များကို ကော်မရှင်က စုစည်း၍ အစီရင်ခံစာ ပြုစုတင်ပြမည်ဖြစ်သည်။

Recent News