နိုင်ငံတကာဆက်ဆံရေးဌာန

    နိုင်ငံတကာဆက်ဆံရေးဌာနသည် ကုလသမဂ္ဂမှပြဋ္ဌာန်းထားသော လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြားသော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ပသို့ခရီးထွက်ခွာခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးရှိ ဌာနေကိုယ်စားလှယ်များ၊ အခြားအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    နိုင်ငံတကာဆက်ဆံရေးဌာနသည် ကော်မရှင် ဥပဒေ ပုဒ်မ ၂၂ (ဆ) အရ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်အပါအဝင် ကုလသမဂ္ဂ၏ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊ အခြားသော အမျိုးသားအဆင့် အဖွဲ့အစည်းများ၊ ဒေသ ဆိုင်ရာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်တွင်းပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံရုံး ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော တွေ့ဆုံဆွေးနွေးမှုကိစ္စရပ်များ ဆောင်ရွက် ခြင်း၊ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြည်ပနိုင်ငံများသို့ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော ဆွေးနွေး ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ တက်ရောက်ခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း အစရှိသည့် ကော်မရှင်၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပါသည်။

ခွင့်ပြုဝန်ထမ်းဖွဲ့စည်းပုံ

          (က)    ညွှန်ကြားရေးမှူး                           -         ၁ ဦး

          (ခ)     ဒုတိယညွှန်ကြားရေးမှူး                 -         ၂ ဦး

          (ဂ)     လက်ထောက်ညွှန်ကြားရေးမှူး         -         ၄ ဦး

          (ဃ)    ဦးစီးအရာရှိ                                 -         ၄ ဦး

          (င)     ဒုတိယဦးစီးမှူး                             -         ၄ ဦး

          (စ)     အကြီးတန်းစာရေး                        -         ၅ ဦး

          (ဆ)    အငယ်တန်းစာရေး                        -         ၈ ဦး

          (ဇ)     သန့်ရှင်းရေး                                 -         ၁ ဦး

          (ဈ)     ရုံးအကူ                                      -         ၁ ဦး

                    စုစုပေါင်း                                    -         ၃၀ ဦး

လက်ရှိဝန်ထမ်းအင်အား

          (က)    ညွှန်ကြားရေးမှူး                           -         ၁ ဦး

          (ခ)     ဒုတိယညွှန်ကြားရေးမှူး                 -         လစ်လပ်

          (ဂ)     လက်ထောက်ညွှန်ကြားရေးမှူး         -         လစ်လပ်

          (ဃ)    ဦးစီးအရာရှိ                                 -           ၂ ဦး

          (င)     ဒုတိယလူ့အခွင့်အရေးဦးစီးမှူး         -         ၁ ဦး

          (စ)     အကြီးတန်းစာရေး                        -         ၁ ဦး

          (ဆ)    အငယ်တန်းစာရေး                        -         ၂ ဦး

          (ဇ)     သန့်ရှင်းရေး                                 -         လစ်လပ်

          (ဈ)     ရုံးအကူ                                      -         လစ်လပ်

                   စုစုပေါင်း                                    -         ၇ ဦး

Global Alliance of National Human Rights Institutions

တူနီးရှားနိုင်ငံ၌ ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော နိုင်ငံတကာညီလာခံတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍  အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (the International Coordinating Committee of NHRIs - ICC) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (the International Coordinating Committee of NHRIs - ICC) ကို အနှစ်သာရ ပိုမိုပြည့်စုံစေရန်အတွက် “အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions - GANHRI) အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ မတ်လတွင် ကုလသမဂ္ဂက ကမကထပြု သည့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (the International Coordinating Committee of NHRIs - ICC) သို့ အဆင့်သတ်မှတ်မှု ခံယူရန်နှင့် အဖွဲ့ဝင်အဖြစ် လက်ခံရန် လျှောက်ထားခဲ့ရာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတကာ ညှိနှိုင်းရေးကော်မတီအောက်ရှိ အဆင့်သတ်မှတ်ရေးဆပ်ကော်မတီ (Sub-Committee on Accreditation _SCA) က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို “ဘီ” အဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသော ဗျူရိုအစည်းအဝေးတွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။ 

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်ကို ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (Komnas HAM)၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်(SUHAKAM)၊ ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့် အရေးကော်မရှင် (CHRP)နှင့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRCT) တို့က လူ့အခွင့်အရေးကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပ သော အစည်းအဝေး၌ “အာဆီယံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်” အမည်ကို အသုံးပြုရန် သဘောတူခဲ့ကြ ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာမြို့၌ ကျင်းပသော ဖိုရမ်အစည်းအဝေး၌ ဖိုရမ်၏ အမည်ကို “အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များ ဖိုရမ်”ဟုပြောင်းလဲအသုံးပြုရန် အတည်ပြုခဲ့ကြပါသည်။ ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ သတ္တမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် တီမောလက်စ်တေနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား ဖိုရမ်၏ ပဉ္စမမြောက် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပခဲ့သော ဖိုရမ်၏ နဝမအကြိမ်နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို ဖိုရမ်၏ ဆဋ္ဌမမြောက်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။

ဖိုရမ်၏ အဓိက ရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသတွင်း၌ လူ့အခွင့်အရေးမြှင့်တင်ကာကွယ် ဖြည့်ဆည်းပေးရေးအတွက် ဒေသဆိုင်ရာ ယန္တရားအနေဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်

အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) ကို ၁၉၉၆ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ တွင်း ရှိ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း ၅ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိတွင် တင်းပြည့်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း ၁၆ ဖွဲ့၊ တွဲဘက်အဖွဲ့ဝင် ၉ ဖွဲ့၊ စုစုပေါင်း ဖိုရမ်အဖွဲ့ဝင် ၂၅ ဖွဲ့ပါဝင်လျက်ရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အာရှပစိဖိတ်အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ် (APF)တွင် တွဲဘက်အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပါဝင်ခဲ့ပါသည်။