ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကယားဘာသာဖြင့် စတင်မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

  • News

    ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာစာတမ်း၏ စာသားများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ (သို့မဟုတ်) နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို ခွဲခြားမှုမပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိဝေငှစေရန်၊  မြင်သာထင်သာအောင် ပြသထားစေရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်းစွာ ဖော်ပြစေရန် ပန်ကြားခဲ့ပါသည်။

        သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ကချင်ဘာသာ၊ မွန်ဘာသာနှင့် ရှမ်းဘာသာများသို့ ပြန်ဆို၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း၊ ကရင်သာသာသုံးမျိုးဖြစ်သည့် ပို း(အရှေ့)၊ ပိုး (အနောက်)၊ စကောဘာသာများသို့ ပြန်ဆို၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း အသီးသီး မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

        အလားတူ ကယားဘာသာသို့  ပြန်ဆို၍ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်မျာ းတက်ရောက်ကြပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ကယားဘာသာပြန် စာအုပ်များကို ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (ကယားဘာသာ) အစီအစဉ်မှ ဦးတျားရုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

Recent News