စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ခန္တီးမြို့၊ လဟယ်မြို့၊ ထမံသီဒေသ၊ လေရှီးမြို့နှင့် ဟုမ္မလင်း မြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ခန္တီးမြို့၊ လဟယ်မြို့၊ ထမံသီ၊ လေရှီးမြို့နှင့် ဟုမ္မလင်းမြို့များသို့သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သားခန်းမတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

ထို့နည်းတူ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင်အားကစားခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှလှူဒါန်းသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၁၀) သိန်းကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပေးအပ်ရာ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီဒေသ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ပါသည်။

 အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရိပ်သာ (၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၅) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လှူဒါန်းသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၆) သိန်းကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်မှူး၊ ဒုတိယလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ/ စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၁) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့် အရေးဆိုင်ရာ အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ Human Rights Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ ကြပါသည်။

ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသော လူ့အခွင့်အရေး ချိုးဖောက်မှု နမူနာအချို့နှင့် တိုင်ကြားမှုများအပေါ် မည်သို့အရေးယူဆောင်ရွက်သည်ကို သိရှိလိုကြောင်း၊ မိမိတို့ဒေသတွင် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေရသော ကလေးများအပေါ် မတရားစေခိုင်းမှုများရှိကြောင်း၊ ယင်းတို့မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၄ ကို လူ့အခွင့်အရေး ချိုးဖောက်မှု မြောက်/ မမြောက်သိရှိလိုကြောင်း၊ လူ့အခွင့်အရေးအပေါ် အမျိုးသားအကျိုးစီးပွားက လွှမ်းမိုးလေ့ရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အခြားနိုင်ငံများတွင်လည်း ထိုကဲ့သို့ လွှမ်းမိုးမှု ရှိ /မရှိနှင့် ဗုဒ္ဓဘာသာ အဆိုအမိန့်များသည် လူ့အခွင့်အရေးအပေါ် လွှမ်းမိုးနိုင်သည်ဟူသည့် အချက်ကို  ဥပမာဖြင့် ရှင်းလင်းပြောကြားပေးပါရန် စသည်တို့အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

 

          စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် နာဂတောင်တန်းဒေသများမှာ ယခင်က ဝေးလံသီခေါင်ဒေသများအဖြစ် ဖွံ့ဖြိုးမှုနောက်ကျသောဒေသများ ဖြစ်ခဲ့သော်လည်း ယခုအခါ နယ်မြေ အေးချမ်းလုံခြုံမှုရှိသောကြောင့် ဒေသဖွံ့ဖြိုးလာပြီး လူနေမှုအဆင့်မြင့်မားတိုးတက်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအကြား လူ့အခွင့်အရေး ဗဟုသုတများ တိုးပွားလာစေရန်၊ လူ့အခွင့်အရေးကို လေးစားရန် နှင့် မှန်ကန်စွာ သိရှိနားလည်စေရန်ရည်ရွယ်၍ ဤဒေသကဲ့သို့ပင် နယ်စွန်နယ်ဖျားဒေသများအပါအဝင် ဒေသအသီးသီး၌ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဆွေးနွေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News