တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၌ သင်ခန်းစာပို့ချ (ရန်ကုန်၊ ဇူလိုင်လ ၁၀ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၆၂) သို့ ၁၀-၇-၂၀၂၅ ရက်နေ့ ၀၇း၄၀ အချိန်မှ ၁၀း၄၀ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများအား Video Conferencing System ဖြင့် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများအကြောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ခြေလျင်တပ်ရင်းမှူးသင်တန်းအမှတ်စဉ် (၆၂) ၌ သင်တန်းသားအရာရှိ ၉၈ ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်နှင့် ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
