နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ရက်)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၅) သို့  ၁၃-၁၁-၂၀၂၄ ရက်နေ့ ၀၈း၀၀ နာရီအချိန်မှ ၁၅း၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့် အရေးဆိုင်ရာ အခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံတော်၏ တာဝန်ဝတ္တရားနှင့် အများပြည်သူ၏တာဝန်ရှိမှုအကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားအကြောင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အကြောင်း စသည့် ဘာသာရပ်များပို့ချခဲ့ပါသည်။ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၅) ၌ စုစုပေါင်း သင်တန်းသားဦးရေ ၄၀ ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းတို့က  ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News