ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦးမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့နှင့်နှင့် ဖြူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့်
ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ
ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၀
ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်နှင် တောင်ငူခရိုင်ရှိ
မြို့နယ်များတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ
ကော်မရှင်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပဲခူးခရိုင် ဒိုက်ဦး
မြို့နယ်၊ ကောလိယခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ
ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊
နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း
အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၃) ဦး
စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ကော်မရှင် အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၉
နာရီတွင် ရွှေကျင်မြို့ မြို့နယ်စည်ပင်သာယာခန်းမ၌ အလားတူ ရှင်းလင်းဆွေးနွေးပွဲ
ကျင်းပခဲ့ရာ ရွှေကျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊
မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့်
ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၄၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင် ကျောက်ကြီးမြို့
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ
ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း အင်အား (၂၂၀)
ဦး နှင့် မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
ပြည်သူလူထုစုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ
အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ
အခြေခံအယူအဆများနှင့် သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်
လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး
တက်ရောက်လာသူများမှ စားကျက်မြေနှင့် ပတ်သက်သည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင်နှင့်
ပတ်သက်သည့်ကိစ္စ၊ တရားရုံးတွင် ကြားနာဆဲ၊ အယူခံဝင်ဆဲ အမှုများ စသည့်
ကိစ္စရပ်များကို မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်
အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ပြန်လည် ဖြေကြားခဲ့ကြပါသည်။


