ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် မြန်မာဘာသာပြန်ကို ဖြန့်ချိသည့် အခမ်းအနား

  • News

        ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights-ICCPR) ကို ၁၉၆၆ ခုနှစ်၊  ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုချမှတ်ခဲ့ပြီး ယင်းသဘောတူစာချုပ်သည် ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပါသည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights-ICESCR) နှင့်တွဲဖက်၍ အရေးကြီးသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (International Bill of Human Rights) အဖြစ် သတ်မှတ်ကြပါသည်။

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုသင့်ကြောင်းဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါသည်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပြီးပုံနှိပ်ဖြန့်ချိခဲ့ပါသည်။ ဘာသာပြန်ဆိုပြီးသော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် မြန်မာဘာသာပြန် ဖြန့်ချိသည့် အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (Function Room) ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ AAPA (Burma) MRTV (Media) ၊ မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း (၄၀) ဦး တက်ရောက်ပြီး မြန်မာဘာသာဖြင့် ပြန်ဆိုထားသော (ICCPR)  စာအုပ် (၆၀) အုပ်ကိုလည်း ကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့ပါသည်။