မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရုံး (နေပြည်တော်) ၌ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ ဇူလိုင်လ ၂၅)

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊ စာအုပ်စာတမ်းများနှင့် သတင်းအချက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ကော်မရှင်သည် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရုံး (နေပြည်တော်) ရှိ စီမံကိန်း အဖွဲ့ဝင်များအား လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ၂၅-၇-၂၀၂၄ ရက်နေ့ ၁၄း၀၀ နာရီအချိန်မှ ၁၆း၀၀ နာရီအချိန်ထိ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရုံး (နေပြည်တော်) ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကော်မရှင်မှ အဖွဲ့ဝင်ဒေါက်တာသန်းမြင့်၊  ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရုံးမှ စီမံကိန်းအဖွဲ့ဝင်များ စုစုပေါင်း (၅၈) ဦး တက်ရောက်ကြသည်။ ထို့နောက် တက်ရောက်လာသည့် စီမံကိန်းအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်မှုများပြုလုပ်ခဲ့ကြပြီး စီမံကိန်းဒါရိုက်တာ ‌ဒေါက်တာ တင်ဘုန်းကျော်က ဆွေးနွေးဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပါသည်။

ဟောပြောပွဲ၌ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က Artificial Intelligence (AI) သည် လူ့အခွင့်အရေးနှင့် ဆက်စပ်မှုရှိခြင်း၊ Artificial Intelligence (AI) ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုနှင့် Artificial Intelligence (AI) အသုံးပြုရာတွင် လူ့အခွင့်အရေးကို မျက်ကွယ်မပြုဘဲ လေးစားလိုက်နာရန် လိုအပ်ခြင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့်  ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆအကြောင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဆွေးနွေးဟော ပြောခဲ့ပြီး ဟောပြောပွဲကို ၁၆း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News