မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဇူလိုင်လ ၂ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) ပါ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ
အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်း စီမံချက်ကို ရေးဆွဲ၍
လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသော တိုက်ပွဲဝင် စည်းရုံးရေး (အရာရှိ) သင်တန်းအမှတ်စဉ် (၅/၂၀၂၅) သို့
၁-၇-၂၀၂၅ ရက်နေ့နှင့် စခန်းမှူးသင်တန်း
အမှတ်စဉ် (၇၀/၂၀၂၅) သို့ ၂-၇-၂၀၂၅ ရက်နေ့တို့တွင် ၀၇း၃၀ နာရီမှ ၀၉း၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းများတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့်
သင်ခန်းစာများကိုပို့ချခဲ့ပါသည်။ သင်တန်းများတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၄၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ
သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

