မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တက္ကသိုလ် (၁၂) ခု၏ ဥပဒေဌာနများသို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စာအုပ်၊ စာတမ်းများ လှူဒါန်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) အရ ကော်မရှင်သည် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုအား
လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းများဖြင့် လူ့အခွင့်အရေးဆိုင်ရာ
အသိပညာဗဟုသုတများ မြင့်မားလာစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်
တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ဥပဒေပညာ လေ့လာဆည်းပူးနေကြသော
ကျောင်းသား/သူများ လူ့အခွင့်အရေး အသိပညာတိုးပွားလာစေရေးအတွက်
လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ စာအုပ်၊ စာတမ်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လမှ ဩဂုတ်လအထိ ၃ ကြိမ်ခွဲ၍ ပေးပို့လှူဒါန်းနိုင်ရေးလုပ်ငန်းစဉ်၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းတစ်ရပ်အဖြစ် ချမှတ်လျာထားခဲ့ပါသည်။
အဆိုပါ စာအုပ်၊
စာတမ်းများလှူဒါန်းရာတွင် ပထမအကြိမ်အဖြစ် ၁၆-၆-၂၀၂၆ ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိနှင့်
ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့က မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်များသို့
သွားရောက်ကာ ယင်းတက္ကသိုလ်အသီးသီးရှိ ဥပဒေဌာနများမှ တာဝန်ရှိသူများထံ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (မြန်မာ + တိုင်းရင်းသား)နှင့် ကြေညာစာတမ်း (ပိုစတာ)၊ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ
(မြန်မာ၊ အင်္ဂလိပ်)နှင့် ကော်မရှင် (လက်ကမ်းစာစောင်)၊
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်)၊
မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်)၊
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊
ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာညှိုးနွမ်းသော
ပြုမူဆက်ဆံခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို
ဆန့်ကျင်ရေးသဘောတူစာချုပ် ၃ စုံစီတို့ကို
ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အထိကာလအတွင်း ပင်လုံတက္ကသိုလ်၊
ကျိုင်းတုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့်
လွိုင်ကော်တက္ကသိုလ်တို့သို့လည်း စာအုပ်၊ စာတမ်းများ ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်