မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မကွေးဗဟိုအကျဉ်းထောင်နှင့် မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၃-၂-၂၀၂၃ ရက်နေ့နှင့် ၁၄-၂-၂၀၂၃ ရက်နေ့များတွင် မကွေးဗဟို အကျဉ်းထောင်နှင့် မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ဗဟိုအကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ဗဟိုအကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ နှင့် Quarantine အဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။      အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၀၀ အုပ်တို့ကို ကော်မရှင်မှ မကွေးဗဟိုအကျဉ်းထောင်ကို လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိမှ လက်ခံရယူခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

Recent News