မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မန္တလေးတိုင်းဒေသကြီးရှိ မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး ဦးဆောင်သောအဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့၊ ဘုရင့်နောင်ခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးဇော်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီဝင်များ၊မြို့မိ/မြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၃၈၈) ဦး စိတ်ပါဝင်စားစွာ တတ်ရောက် ခဲ့ပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယင်းနေ့ မွှန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ/ မြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း (၂၀၈) ဦး တတ်ရောက်ခဲ့ပါသည်။

ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့ ပါဝင်သောအဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သပိတ်ကျင်းမြို့သို့ ဆက်လက်သွားရောက်ပြီး နံနက် ၉:၀၀ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်ခန်းမ၌ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင် အပါအဝင် နိုင်ငံရေးပါတီများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများ အပါအဝင် စုစုပေါင်း (၂၀၅) ဦးတတ်ရောက်ခဲ့ကြပါသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့သို့ ဆက်လက်သွားရောက်ပြီး နံနက် (၉:၀၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြသီတာခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်လင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ နိုင်ငံရေးပါတီများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်း(၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး  ဦးဇော်လွင်ထူးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည့်အနက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးအနေဖြင့် နိုင်ငံရေးပါတီများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် သုတေသနဌာန ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိနှင့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် (၁၅)ပါ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပေးပါရန် အစရှိသည့် မေးမြန်းမှုများအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ပြန်လည် ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။ အလားတူ အခြားမြို့နယ်များတွင်လည်း စိတ်ဝင်စား၍ သိရှိလိုသည်များကိုလည်း တက်ရောက်လာကြသည့် ပရိတ်သတ်များက မေးမြန်းချက်များ ရှိခဲ့ရာ အဖွဲ့ဝင်မှ ပြန်လည် ဖြေကြားဆွေးနွေးခဲ့ပါသည်။

        မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာသိရှိ နားလည်စေရန် ရည်ရွယ်၍လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ဆွေးနွေး ဟောပြောပွဲများကိုဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Recent News