မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့်ပညာပေးဆိုင်ရာလုပ်ငန်းအစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်ရည်ရွယ်၍ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်တွင် ခရိုင်အဆင့် အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက်  ၉ : ၀၀ နာရီ က ရှမ်းပြည်နယ်မြောက်ပိုင်း၊  လားရှိုးမြို့၊ ကမ္ဘောဇခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ရှမ်းပြည်နယ်၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းတို့ တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ကြသည်။

    အလုပ်ရုံသင်တန်းတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေးဖြစ်စဉ်များအား ဆွေးနွေးခြင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များစသည့် သင်ခန်းစာများကို ပို့ချပြီး အဖွဲ့လိုက်ဆွေးနွေးခြင်း ဆောင်ရွက်ကြပါသည်။ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရ အရာထမ်း(၅၀) ဦး တက်ရောက်ကြသည်။ သင်တန်းကိုမတ်လ ၂၁ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Recent News