မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကလေးသူငယ်ကွန်ရက်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း

  • News

    ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂါတ်များဖြစ်ပါသည်။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ကျန်ရှိမှုအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေး၊ အကာအကွယ် ရရှိပိုင်ခွင့်အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ပေးရန် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ကော်မရှင်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကလေးသူငယ်အခွင့်အရေးကိစ္စရပ်များကို ဖော်ဆောင်လျက်ရှိပါသည်။ ထိုသို့ဖော်ဆောင်ရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ဟောပြောခြင်း၊ ကလေးသူငယ်အခွင့်အရေး ထိပါးခံရမှုများနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် အခါအားလျော်စွာ ကလေးသူငယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။

      ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ကလေးသူငယ်ကွန်ရက်အသီးသီးမှ ကိုယ်စားလှယ်များသည် ကော်မရှင်ရုံး သို့လာရောက်၍ တွေ့ဆုံဆွေးနွေးလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဉီးခင်မောင်လေး၊ ကော်မရှင်အဖွဲ့ဝင် ဉီးညွန့်တင်နှင့် ကော်မရှင်ရုံးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဉီးစွာ ကော်မရှင်အဖွဲ့ဝင်များက နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်း သိကောင်းစရာများကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဉီးအာကာဟိန်းစိုး၊ Child Desk ကဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဉီးသူရကျော်တို့က ကော်မရှင်၏ ကလေးသူငယ်အခွင့်အရေးမြှင့်တင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။ ယင်းနောက် ကလေးသူငယ်ကိုယ်စားလှယ်များက ဒေသအသီးသီးတွင် ကြုံတွေ့နေရသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခက်အခဲများ၊ ထိပါးချိုးဖောက်ခံနေရမှုများနှင့် ကော်မရှင်အကြောင်းသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကလေးသူငယ်ကိုယ်စားလှယ်များသည် ကော်မရှင်ရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တိုင်တန်းစာများ စိစစ်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။

Recent News