မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် တွေ့ဆုံဆွေးနွေး

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာမြင့်သူမြိုင်၊ ဒေါက်တာနုနုရီနှင့် ဒေါက်တာတင်ဌေးအိတို့သည် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဟန်သူ ဦးဆောင်သော တာဝန်ရှိသူများ (မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ) အား ၅-၆-၂၀၂၆ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ Conference Room ၌ တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       တွေ့ဆုံဆွေးနွေးပွဲတွင် ပထမဦးစွာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ Charity-based (လူမှုဝန်ထမ်းအခြေပြုအမြင်) မှ  Rights-based  (လူ့အခွင့်အ‌ရေးအခြေပြုအမြင်) သို့ ကူးပြောင်းရေးကိစ္စရပ်များ၊ မသန်စွမ်းသူများနှင့် သက်ဆိုင်သော နိုင်ငံတကာကတိကဝတ်နှင့် ပြည်တွင်းဥပဒေ လက်လှမ်းမီပျံ့နှံ့စေရေးကိစ္စရပ်များ၊ ကော်မရှင်၏ အသိပညာပေးရေးနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များနှင့် စောင့်ကြည့်လေ့လာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း စသည်တို့နှင့်စပ်လျဉ်း၍ ကော်မရှင်မှပူးပေါင်းဆောင်ရွက်ပေးစေလိုသည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်နှင့် အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုများဖြစ်သော သင်ခန်းစာပို့ချရာတွင် မသန်စွမ်းသူအခွင့်အရေးများ ထည့်သွင်းပို့ချခြင်း၊ အမြင်အာရုံ မသန်စွမ်းသူများအတွက် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို မျက်မမြင်လက်စမ်းဘာသာ (Braille) အပါ အဝင် လူ့အခွင့်အရေးစာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများချိုး ဖောက်ခံရမှုနှင့်စပ်လျဉ်း၍ တိုင်တန်းချက်များပေးပို့လာပါက စိစစ်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသင်တန်းကျောင်းများသို့ ကော်မရှင်မှ သွားရောက်ကြည့်ရှုဆောင်ရွက်မှုအခြေအနေများ၊ ၀၂၆ ခုနှစ် တွင် မသန်စွမ်းသူအခွင့်အရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်လျာထားချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့ပူးပေါင်းကာ မသန်စွမ်းသူများ၏ အခွင့်အရေးမြှင့်တင်ကာကွယ်ရေး ရှေ့ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ၁၅း၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်