မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ
မြို့နယ်ပေါင်း ၁၁၅ မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲများကို ၂၀၁၁
ခုနှစ်မှ စတင်၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။
လူ့အခွင့်အရေး အဓိပ္ပါယ်နှင့် အခြေခံအချက်များကို
မြို့ရွာ ကျေးလက်အားလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိလာပြီး ပြည်သူ
တစ်ဦးချင်းစီက လူ့အခွင့်အရေးကို မှန်ကန်စွာ လေးစားလိုက်နာကျင့်သုံးနိုင်စေရန်
ရည်ရွယ်ချက်ဖြင့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲခရီးစဉ်ကို
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်၊
ညီမျှခြင်းမြန်မာ အဖွဲ့တို့နှင့် ပူးပေါင်း ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင်ရုံးဝန်ထမ်းများ၊
လူ့အခွင့်အရေးပညာပေးသူများကွန်ရက်မှ နည်းပြများ ပါဝင်သာအဖွဲ့သည် ၂၀၁၈ ခုနှစ်
စက်တင်ဘာလ ၁၁ ရက်နေ့တွင် နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်၊
နတ်စင်ကုန်းကျေးရွာရှိ မင်္ဂလာစမ်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် လူ့အခွင့်အရေး
အသိပညာပေး ဆွေးနွေးပွဲအား ပထမဆုံး ကျေးရွာအဖြစ်ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းမှ
ပြည်သူလူထု ၇၉ ဦး တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဝါးဘလောက်သောက်
ကျေးရွာခါတော်မှီအေး ကျောင်းတိုက်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု ၇၅ ဦး
တက်ရောက်ခဲ့ပါသည်။
အလားတူ စက်တင်ဘာ
၁၂ ရက်နေ့ နံနက်ပိုင်းတွင် ထမ်းမနိုင်ကျေးရွာ ဘုရားကြီး တန်ဆောင်းတွင် လူ့အခွင့်အရေး
အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု ၁၇၃ ဦး
တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ကျိုက်ထော်စံပြကျေးရွာတွင်
ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူလူထု ၈၁ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး၏ အဓိပ္ပါယ်နှင့်
အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အကြောင်းတို့ကို ဗွီဒီယို၊ ရုပ်ပုံကားချပ်များဖြင့်
ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ တက်ရောက်သူများက တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်း၊
သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
နတ်စင်ကုန်း ကျေးရွာမှ တောင်သူတစ်ဦးက မိမိတို့အနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို
ယခင်ကဆိုလျှင် လူ့အခွင့်အရေးဆိုသည်ကို ကြားဖူးယုံသက်သက်သာ ကြားဖူးခဲ့ကြောင်း၊
ယခုဆွေးနွေးပွဲအပြီးတွင် ယခင်ကထက် ပြည့်ပြည့်စုံစုံ သိရှိလာရပါကြောင်း
ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကျေးရွာနေပြည်သူလူထုအတွက် ဦးတည်၍ ၂၀၁၈
ခုနှစ်အတွင်း၌ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးမှုများကို
စီမံချက် ချမှတ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။