မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ၁၀-၁၂-၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual Online စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊  ဥက္ကဋ္ဌ ဦးလှမြင့်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကို ဦးစွာဖတ်ကြားပါသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြတ်အေးက အမှတ်တရ စကားပြောကြားပါသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့ပါသည်။ (ကော်မရှင်ဥက္ကဋ္ဌမှ ပြောကြားခဲ့သော မိန့်ခွန်းကို ကော်မရှင် Facebook Page နှင့် Website တွင် သီးခြားဖော်ပြထားပါသည်။) အခမ်းအနား အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Good Neighbor International (GNI) တို့ ပူးပေါင်းစီစဉ်ရိုက်ကူးသည့် လူ့အခွင့်အရေး Animation အား ပြသခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ Resident Representative (Myanmar) ကိုယ်စား Mrs. Dawn Del Rio နှင့် ညီမျှခြင်းမြန်မာမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့က အမှတ်တရ စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲမှ ဆုရရှိသူများကို ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ဆုများ အသီး သီး ပေးအပ်ချီးမြှင့်ခဲ့ပြီး  ကဗျာပြိုင်ပွဲ ပထမဆုရှိသူ ဦးခင်မောင်ချို၊ ခင်မောင်ချို (ကညွှတ်ကွင်း) က ဆုရကဗျာအား ဖတ်ကြားရွတ်ဆိုပြီး ဆောင်းပါးပြိုင်ပွဲမှ ပထမဆုရရှိသူ ဦးသက်ဦးမောင်၊ သက်ဦး မောင် (မဟာဝိဇ္ဇာ) က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မဟာမိတ်မြန်မာ (Alliance Myanmar)တို့ ပူးပေါင်းကျင်းပသည့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ဆုရရှိသူများအား ကြေညာခဲ့ပြီး ဆုရ ဇာတ်လမ်းတိုများအား မဟာမိတ်မြန်မာတာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီး မြှင့်ခဲ့ပါသည်။ ယင်းနောက် အခမ်းအနားအစီအစဉ်အရ တေးရေးဆရာ ဓိရာမိုရ် ရေးစပ်သီကုံးပြီး အဆိုတော် အောင်ထက် နှင့် Jewel တို့ သီဆိုထားသည့် “အားလုံးအတွက် လူ့အခွင့်အရေး” တေးသီချင်းအား ကော်မရှင်ရုံးဝန်ထမ်းများက သီဆိုခဲ့ကြပြီး မွန်းလွဲ (၁၂း၃၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

                                                                                                                                                                                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News