မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ဆက်လက်ကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို စက်တင်ဘာလ ၇ ရက်နေ့မှစ၍ နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဌာန များနှင့် ပြည်ထောင်စု အဆင့်ဌာနကြီးများသို့ သွားရောက် ဆွေးနွေး ဟောပြောလျှက်ရှိရာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းတို့အဖွဲ့သည် ပြည်ထောင်စုလွှတ်တော်မှ ဝန်ထမ်း ၆၀ ဦး၊ အမျိုးသားလွှတ်တော်မှ ဝန်ထမ်း ၅၀ ဦး၊ ပြည်သူ့လွှတ်တော်မှ ဝန်ထမ်း ၁၀၀ ဦး စုစုပေါင်း ၂၁၀ ဦးတို့အား လွှတ်တော်ဝင်း ဇမ္ဗူသီရိဆောင်တွင်လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည် တို့ပါဝင်သောအဖွဲ့သည် နံနက်ပိုင်း၌ နိုင်ငံတော် သမ္မတရုံးမှဝန်ထမ်း ၅၀ ဦးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်း ၉၀ ဦး စုစုပေါင်း ဝန်ထမ်း ၁၄၀ ဦးတို့ကို နိုင်ငံတော် သမ္မတရုံးတွင် လည်းကောင်း၊ ညနေပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒုဗိုလ်မှူးကြီး ၃၈ ဦး၊ အပါအဝင် အရာရှိ ၂၅၄ ဦး၊ အခြား အဆင့်စစ်မှုထမ်း ၃၀၀ ဦး စုစုပေါင်း ၅၅၄ ဦး တို့အား နဝဒေးခန်းမ၌ လည်းကောင်း ဆွေးနွေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

    ဆွေးနွေးဟောပြာရာတွင် လူ့အခွင့်အရေး၏ သမိုင်းကြောင်းနှင့် အနှစ်သာရများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် လုပ်ဆောင်ချက်များ၊ ကော်မရှင်ဥပဒေနှင့် တိုင်တန်းချက်များ အကြောင်းများနှင့် မြန်မာနိုင်ငံကလက်မှတ်ရေးထိုး လက်ခံကျင့်သုံးလျက်ရှိသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များ အကြောင်းများကို အကျဉ်းချုပ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြရာ တက်ရောက်ကြသူ ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းနှင့် ယနေ့ဟောပြောမှုများ အပါအဝင် ဌာနကြီးပေါင်း ၄၀ ကိုဟောပြော ပြီးစီးပြီဟု သတင်းရရှိသည်။

Recent News