မွန်ပြည်နယ် သထုံခရိုင်အတွင်း လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေး ပွဲများပြုလုပ်ခြင်း

  • News

        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်မှန်ကန်ကန် သိရှိပြီး လေးစား လိုက်နာ၍ မှန်မှန်ကန်ကန် ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်လျက် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ပါဝင်သည့် ကော်မရှင် အဖွဲ့သည် ၂၀၁၈ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇  ရက် နေ့များတွင် မွန်ပြည်နယ်သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာကော်မရှင် အဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန် တွင် ကျိုက်ထိုမြို့နယ်၊ အထက (၁) ခန်းမတွင်လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စုစုပေါင်း အင်အား (၃၅၀) ဦး စိတ်ပါဝင် စားစွာတက်ရောက်ခဲ့ကြပါသည်။

 အလားတူယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင်ဘီးလင်းမြို့နယ် မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများစုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

 ကော်မရှင် အဖွဲ့သည်မေလ ၁၇ ရက်နေ့တွင် သထုံခရိုင်၊ သထုံမြို့နယ်၊ သုဝဏ္ဏခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိစစ်သည်များ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုများစုစုပေါင်းအင်အား (၃၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။ယင်းနေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ပေါင်မြို့နယ်ရှိ အထက (၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိ မြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထု များစုစုပေါင်းအင်အား (၂၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး ဆိုင်ရာအခြေခံ အယူအဆများနှင့်ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း ကော်မရှင်ရုံးဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြပါသည်။

 

Recent News