ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများသွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်သည် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဖွင့်လှစ်လျက်ရှိသည့် ဆရာ/ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းသို့ ၃၀-၅-၂၀၂၄ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်မှ ၁၂း၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က လူ့အခွင့်အရေးအခြေခံအယူအဆ၊ ကမ္ဘာလူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အကြောင်းနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အကြောင်း စသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဥပဒေပညာဌာနမှ ဆရာ/ဆရာမ စုစုပေါင်း (၁၇) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ဥပဒေပညာဌာန ဆရာ/ ဆရာမများနှင့် ဥပဒေအထူးပြုကျောင်းသား/ ကျောင်းသူများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိသည့် စာအုပ်စာတမ်းများအား ပေးအပ် လှူဒါန်းရာ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) နှင့် ပါမောက္ခများ က လက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News