ရပ်ရွာ အခြေပြု လူ့အခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ ဗဟုသုတများ တိုးမြှင့်နိုင်စေရေး အတွက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်အတွင်း ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institue ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ​နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။

၂။      ဆက်လက်၍ ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ၁၃ ခုမြောက်အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မင်္ဂလာဥယျာဉ်ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်မြို့ရှိ အရပ်ဘက် လူမှုအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ၁၄ ခုမြောက် ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် သာယာဝတီမြို့ ကျောက်ပြားနှင့် ပန်းကန်စက်ရုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ် အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      ယင်းဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်သူများက စိတ်ပါဝင်စားစွာ ပြန်လည်ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အုပ်စုဖွဲ့၍ ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၄ ခုတွင် ရပ်ရွာ အခြေပြု အလုပ်ရုံ ဆွေးနွေးပွဲများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

Recent News