လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ မတ်လ ၁၈ ရက်)
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ
ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက်
လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊ စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ
ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်
လုပ်ငန်းဆောင်ရွက်မှုများအတွက် ရှေ့လုပ်ငန်းစဥ်မူဘောင်အရ နှစ်စဥ်
လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ
ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ လူ့အခွင့်အရေးအသိပညာ ဗဟုသုတများ
တိုးပွားလာစေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း
ဆွေးနွေးပွဲတစ်ရပ်ကို ၁၈-၃-၂၀၂၅ ရက်နေ့၊
၁၃း၀၀ နာရီအချိန်မှ ၁၆း၀၀ နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ
လူထုအခြေပြုဗဟိုဌာနခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ
ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ
ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊
ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊
ဝန်ထမ်းများနှင့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များ စုစုပေါင်း (၁၅၀) ဦးခန့်
တက်ရောက်ခဲ့ကြပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲ၏
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌက လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဥ်း၍
ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက
လူ့အခွင့်အရေးအခြေခံအယူအဆအကြောင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး၏
ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ အကြောင်းတို့ကိုလည်းကောင်း၊
ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ကြက်ခြေနီလုပ်ငန်းနှင့် လူ့အခွင့်အရေး
ဆက်နွှယ်မှု ကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်
တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး
ရှင်းလင်းဆွေးနွေးပွဲကို ၁၆း၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်




