လူ့အခွင့်အရေး အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂) ဖွင့်လှစ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖွင့်လှစ်သည့် လူ့အခွင့်အရေးအဆင့်မြင့် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း၊ (၆)မိုင်ခွဲ၊ အမှတ်(၂၇) ရှိ ကော်မရှင်ရုံး၌ ကျင်းပသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဆင့်မြင့်သင်တန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သင်တန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက သင်တန်းဆိုင်ရာ သိသင့်သည့်အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

    သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၇ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ စတင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ တစ်လတာကြာမြင့်မည်ဖြစ်ကာ နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

    လူ့အခွင့်အရေး အခြေခံအယူအဆများကို မှန်ကန်စွာပိုမိုသိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေး စံနှုန်းများ မြင့်မားသော လူ့ဘောင်ပေါ်ထွန်းရေးကို အထောက်အကူဖြစ်စေရန်နှင့် လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ အဆိုပါသင်တန်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖွင့်လှစ်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး အသိပညာများ မြင့်မားလာစေရန် ရည်ရွယ်ပြီး ခရိုင်၊မြို့နယ်များတွင် သာမက ကျေးလက်ဒေသ နေ ပြည်သူများအကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နေသကဲ့သို့ လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို ပိုမိုတိုးမြှင့်ချဲ့ထွင်သည့် အနေဖြင့် လူ့အခွင့်အရေးအခြေခံသင်တန်းကိုလည်း အမှတ်စဉ်(၁) မှ (၅) အထိ ဖွင့်လှစ်ခဲ့သည်။

    ထို့အပြင် လူ့အခွင့်အရေး အခြေခံသင်တန်းဆင်းပြီးသူများအတွက် ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေးဆိုင်ရာများ တိုးမြှင့်သိရှိနိုင်စေရန် လူ့အခွင့်အရေး အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁) ကို ဇွန်လအတွင်းက ဖွင့်လှစ်ပို့ချခဲ့ပြီး ယနေ့တွင် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂) ကို ဖွင့်လှစ်ခြင်းဖြစ်သည်။

Recent News