သေဒဏ်ကျင့်သုံးခြင်းနှင့်စပ်လျဉ်း၍ တရားဝင် ဆိုင်းငံ့ခြင်းနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အာရှပစိဖိတ်အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ် (APF) ၏ပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိနေပြည်တော်ရှိ Hotel Max တွင် သေဒဏ်ကိုတရားဝင်ဆိုင်းငံ့ခြင်းနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးအရာရှိများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ ကိုယ်စားလှယ်များစသည်ဖြင့်စုစုပေါင်း (၃၃) ဦးပါဝင်တက်ရောက်ကြသည်။

၂။       အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ကြီးလေးသောပြစ်မှုများကို ကျူးလွန်သူများအား သေဒဏ်ချမှတ်မှုများရှိသော်လည်း ၁၉၈၈ ခုနှစ် မှစ၍ အကောင်အထည်ဖေါ်ခြင်း မရှိတော့သဖြင့် လက်တွေ့လုပ်ဆောင်မှုအရ သေဒဏ်ဖျက်သိမ်းသည့်သဘောဟု နိုင်ငံတကာက အပြုသဘောယူဆကြပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အခြေခံ၍ သေဒဏ်ကို တရားဝင်ဆိုင်းငံ့ခြင်းနှင့်စပ်လျဉ်း၍ အမြင်သဘောထားများကို လွတ်လပ်စွာဆွေးနွေး ပြောကြားကြပါရန်မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

၃။      ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ဘာမင်ဂမ်တက္ကသိုလ် ဥပဒေဌာနပါမောက္ခနှင့် လူ့အခွင့်အရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ Dr. Jon Yorke က သေဒဏ်ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများနှင့် တစ်ကမ္ဘာလုံးသေဒဏ်ဖျက်သိမ်းရေးကို ရည်ရွယ်သည့် နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများကို လူ့အခွင့်အရေးရှုထောင့်မှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က သေဒဏ်ချမှတ်ခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံစီရင်ထုံးများနှင့် အစဉ်အလာများအပေါ် ခြုံငုံသုံးသပ်တင်ပြခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးက သေဒဏ်ပယ်ဖျက်ရေး ဆဋ္ဌမအကြိမ်ကမ္ဘာ့ညီလာခံနှင့် ပတ်သက်သည့် အတွေ့အကြုံအမြင်များကို သုံးသပ်တင်ပြခြင်းခေါင်းစဉ်ဖြင့်လည်းကောင်းရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

၄။      အဆိုပါတင်ပြဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ကြသူများက သေဒဏ်တရားဝင်ဆိုင်းငံ့ခြင်းဖြင့် ပြည်တွင်းဥပဒေများကို အထောက်အကူပြုစေမှုများ နှင့် နိုင်ငံတကာမျက်နှာစာတွင် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးအကြံပြုကြသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် သေဒဏ်ကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ခြင်း မရှိသဖြင့် ပြည်တွင်းပြည်ပအကျိုးကျေးဇူးများရရှိနိုင်စေရန် သေဒဏ်ကိုတရားဝင်ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ပါကြောင်းအကြံပြုကြသည်။

Recent News