အခြေအနေမဲ့ ပပျောက်သူများ စီမံချက်အရ လမ်းပေါ်ရောက်ကလေးများကို ထိန်းသိမ်းထားရှိသော နာနတ်တောစခန်းသို့ ကြည့်ရှုစစ်ဆေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အရာရှိ ဦးအာကာဟိန်းစိုး နှင့် ကော်မရှင်ရုံး ဝန်ထမ်းများပါဝင်သောအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အခြေအနေမဲ့နှင့် တောင်းရမ်းသူများပပျောက်သူများ စီမံချက်အရ လမ်းပျော်ကလေးများကို ထိန်းသိမ်းထားရှိသော ဟံသာဝတီ နာနတ်တောစခန်းသို့  ၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့တွင်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းစီမံချက်ကို စည်ပင်သာယာရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

    ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်ရှိသည့် အဆိုပါ ကလေးသူငယ်များ၏ အသက်ရှင်ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် အခြေအနေ များကို စီမံချက်တာဝန်ခံရဲမှူးက ရှင်းလင်းပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်အဖွဲ့သည် ကလေးသူငယ်တစ်ဦးချင်းစီနှင့် သီးသန့်တွေ့ဆုံဆွေးနွေး မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသူငယ် ၁၆ ဦးအနက် ကလေးသူငယ်အများစုမှာ အတန်းပညာရေးကို ပထမတန်းမှ သတ္တမတန်းအထိ နေခဲ့ဖူးသူများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမှ ထွက်လာရသူများဖြစ်ကြောင်း သိရှိရပါသည်။ လမ်းပေါ် ရောက်ရှိလာရခြင်း အကြောင်းအရင်းများအနက် မိထွေး၊ ပထွေးများနှင့် မနေချင်၍ အိမ်မှထွက်ခွာ လာရခြင်းသည် အများဆုံးဖြစ်ကြောင်း ကလေးများကို မေးမြန်းချက်များအရ သိရှိရပါသည်။ ယင်းကလေးများသည် လမ်းပေါ်တွင် သွားလာကြပြီး ပလပ်စတစ် ဘူးခွံကောက်ခြင်း၊ အချို့ကလေးများသည် ပစ္စည်းများကို အလစ်သုတ်ခြင်း၊ ဖုန်းများကို ခိုးယူခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ ကလေးများအနက် အချို့ကော်ရှုသည့် အလေ့အထရှိခဲ့သည်ကို သိရှိခဲ့ရပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော ကလေးသူငယ်များကို မိဘအုပ်ထိန်းသူနှင့် ပြန်လည် ဆက်သွယ်ပေးမှုများကို ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူမရှိသော ကလေးသူငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း အသီးသီးသို့ လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    ထိန်းသိမ်းထားရှိသော ကလေးသူငယ်များအနေဖြင့် လမ်းပေါ်တွင် ပျော်နေကြသူများ ဖြစ်သကဲ့သို့ အချို့မှာ မိသားစု အခက်အခဲ၊ မိသားစုနှင့် အဆင်မပြေမှုများကြောင့် လမ်းပေါ်သို့ ရောက်ရှိလာကြသူများဖြစ်ကြပါသည်။ ကလေးများအနေဖြင့် ငယ်စဉ်ကတည်းက ရရှိသင့်သည့် အခွင့်အရေးများကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆုံးရှုံးခဲ့ကြသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများနှင့်  အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကုစားမှု၊ ကလေးသူငယ်များ၏ ရှေ့ဆက် ဖွံ့ဖြိုး တိုးတက်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ စီမံချက်အနေဖြင့် ကလေး သူငယ်များကို ခေတ္တထိန်းသိမ်းထားရှိရာ နေရာတစ်ခုသာ ဖြစ်သော်လည်း ရောက်ရှိနေစဉ် ကာလအတွင်း ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းအားဖြင့် အခြားဆက်စပ် အခွင့်အရေးများကိုလည်း ရရှိခံစားလာနိုင်မည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လက်ရှိစနစ်သည် လမ်းပေါ်ကလေးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် စနစ်ကျနသော နည်းလမ်းတစ်ရပ်ဖြစ်ပါသဖြင့် လက်ရှိလုပ်ငန်းစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်သင့်ပါသည်။

    ကလေးသူငယ်များသည် မည်သည့်အခြေအနေတွင် ရောက်ရှိဖြတ်သန်းနေသည်ဖြစ်စေ ၎င်းတို့၏ မွေးရာပါ ရရှိခံစားခွင့်ရှိသော အခွင့်အရေးများ မဆုံးရှုံးစေသင့်သောကြောင့် နိုင်ငံတော်နှင့် အဖွဲ့ အစည်းအသီးသီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိနေပါသည်။

Recent News