အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ (ရန်ကုန် မတ်လ ၇)

  • News


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ အခမ်းအနားကို ကော်မရှင်ရုံး၊ Conference Room တွင် ၇-၃-၂၀၂၄ ရက်နေ့ ၁၄:၀၀ နာရီအချိန်မှ ၁၆:၀၀ နာရီအချိန်အထိ Hybrid System ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။  

ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦး‌ပေါ်လွင်စိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့် စပ်လျဉ်း၍ အမျိုးသမီးများအား စိတ်ခွန်အားရရှိစေရန်၊ ကျား/မတန်းတူ အခွင့်အရေးများ ရရှိစေရန်နှင့် အခြားအခွင့်အရေးများ ရရှိနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကော်မရှင်သည် တစ်ခုတည်းသော အမျိုးသားအဆင့် လူ့အခွင့်အရေးကော်မရှင်ဖြစ်ကြောင်း၊ ကော်မရှင်ဥပဒေ၏ အခန်း (၂) အပိုဒ် (၃) ပါ ရည်ရွယ်ချက် (၄) ရပ်တွင် မူလအခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အသိအမှတ်ပြု၍ လေးစားကာကွယ်သော အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်၊ နိုင်ငံတော်အနေဖြင့် လက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေး စာချုပ်ပါ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရန် ပြဋ္ဌာန်းထားကြောင်း၊ အမျိုးသမီးအခွင့်အရေးများကို ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများတွင် ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စံပေတံ ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်း၏ နိဒါန်းတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူအပေါင်းတို့သည် အခြေခံလူ့အခွင့်အရေးနှင့် အမျိုးသား၊ အမျိုးသမီးတန်းတူ အခွင့်အရေးရှိရန်နှင့် ကုလသမဂ္ဂပဋိညာဉ်၌လည်း ထပ်မံ အတည်ပြုထားပြီး အပိုဒ် (၂) တွင် အမျိုးသား၊ အမျိုးသမီး၊ လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားမှုမရှိစေရေး ဖော်ပြထားရာ ယင်းအချက်များနှင့်ကိုက်ညီသော လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရန် ကော်မရှင်အနေဖြင့် ရည်မှန်းဆောင်ရွက်နေကြောင်း၊ လူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုရှိသည့်အနက် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော စာချုပ် (၄) ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) တွင်လည်း  အမျိုးသားနှင့် အမျိုးသမီးတန်းတူ အခွင့်အရေးကို ရည်ညွှန်း ပြဋ္ဌာန်းထားကြောင်း၊ ထိုအချက်များကို ကော်မရှင်၏ ရည်ရွယ်ချက်များအတိုင်း ဖြည့်ဆည်း အကောင်အထည်ဖော်ရန် တာဝန်ရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ပါဝင်ကြိုဆို ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊  ကမ္ဘာ့စာမတတ်သူများ၏ (၃) ပုံ (၂) ပုံသည် အမျိုးသမီးများဖြစ်ကြောင်း၊ ကမ္ဘာ့ဥပဒေပြု အဖွဲ့အစည်းများမှလည်း ၂၂% သာ အမျိုးသမီးများဖြစ်နေသေးကြောင်း၊ မြန်မာနိုင်ငံတွင် အမျိူးသမီးများ အခွင့်အရေးရရှိမှုသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုကြောင်း၊ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ၏အခွင့်အရေးကို မြှင့်တင်ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပါဝင်ကြိုဆိုဂုဏ်ပြုရခြင်းဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့် စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီးအမျိုးသမီးအခွင့်အရေးဆိုင်ရာ တာဝန်ခံအရာရှိ (Women Rights Desk Officer) ဒေါ်မို့မို့အောင်က အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) တွင် ပါဝင်ဆောင်ရွက်မှုအခြေအနေများအကြောင်း ပါဝင်ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



Recent News