အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေးတက်ရောက်ခြင်း

  • News

        မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိကျင်းပသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI)၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၁၂၂) ဖွဲ့ရှိသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အဆိုပါအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည်အစည်းအဝေးအပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေးအတွက် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများက ၎င်းတို့၏တာဝန်ဝတ္တရားများနှင့် အညီ ဆောင်ရွက်ရေးကိစ္စ အသိပညာဖလှယ်မှုဆွေးနွေးပွဲသို့လည်းကောင်း၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲဖြစ်သည့် ရွှေ့ပြောင်းသွားလာမှုနှင့် စပ်လျဉ်းသော ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေးကို အခြေခံ၍ အမျိုးသမီးအခွင့်အရေးအလေးထားဆောင်ရွက်ရေး ဆွေးနွေးပွဲသို့လည်းကောင်း၊ အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့လည်းကောင်း၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်နှင့် ဂျီနီဗာမြို့အခြေစိုက် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသို့လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

Recent News