အရွယ်မရောက်သေးသော အိမ်အကူ မိန်းကလေးငယ် မသန်းသန်းအိအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်သတင်း

  • News

၁။      အရွယ်မရောက်သေးသော အိမ်အကူမိန်းကလေးငယ်တစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့်သတင်းများကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မီဒီယာများ မှ တစ်ဆင့် ၇-၈-၂၀၁၅ နေ့တွင် ကြားသိရသဖြင့် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် ကော်မရှင်ရုံး ဝန်ထမ်း ၂ ဦးတို့အား အခင်းဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် အတွင်းသို့ ကွင်းဆင်းစစ်ဆေးစေခဲ့ပါသည်။

၂။      စုံစမ်းစစ်ဆေးချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၄၁) တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်း၊ တော်ဝင်အိမ်ရာ၊ အမှတ် (၂၄)၊ အခန်း (၃) တွင် နေထိုင်သူ ဒေါ်အေးအေးဝင်းမှ မသန်းသန်းအိအား ၎င်း၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ပေးရန် လွန်ခဲ့သော ၃ နှစ်ခန့်က မသန်းသန်းအိ၏ ဖခင်ထံတွင်ပြောဆို၍ ခေါ်ဆောင်သွားခဲ့ရာ အိမ်ရောက် ပြီး တစ်လလောက်မှစ၍ ညှဉ်းပန်းနှိပ်စက်မှုများခံခဲ့ရကြောင်း၊ ၁၄-၇-၂၀၁၅ ရက်နေ့တွင် မသန်းသန်းအိသည် ၎င်းနေထိုင် သောအိမ်မှ ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံနိုင်တော့သည့်အတွက် ထွက်ပြေးခဲ့ပြီး လမ်းတစ်ဘက်ရှိ အိမ်တွင် ပုန်းခိုနေစဉ် ၎င်းအိမ်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သို့ ပို့ဆောင်ပေးခဲ့ရာမှ ၁၅-၇-၂၀၁၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း၊ ခေါင်းနှင့် ခြေထောက်ရှိ ဒဏ်ရာများ ပြင်းထန်သောကြောင့် ဆေးရုံတွင် ၆ ရက် တက်ခဲ့ရကြောင်း၊ ၁၇-၇-၂၀၁၅ နေ့တွင် မြောက်ဒဂုံရဲစခန်း၌ အမှုဖွင့်ခဲ့ရာ ၎င်းနေ့တွင်ပင် ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးဝင်းအား ရဲစခန်းမှ သွားရောက်ဖမ်းဆီး သော်လည်း ဒေါ်အေးအေးဝင်းက သီလရှင်ဝတ်မည်ဟု ပြောဆိုပြီး ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရှိရပါသည်။

၃။      လူ့အခွင့်အရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ မသန်းသန်းအိအား နှိပ်စက်ညှဉ်းပန်း သူသည် ဒေါ်အေးအေးဝင်းတစ်ဦးတည်းသာမကဘဲ သမီး ခင်သန္တာဦး (ခ) ဟယ်လင် (ဘ) ဦးကျော်ဝင်း၊ သားမက် မျိုးဇော်ထက် (ခ) ငစား (ဘ) ဦးမြင့်အောင်၊ သားဖြစ်သူ အေးကျော်ဝင်း (ဘ) ဦးကျော်ဝင်းတို့ လေးဦးပါဝင်နေကြောင်း ဖော်ထုတ် သိရှိရသဖြင့် သက်ဆိုင်ရာသို့ အသိပေး ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြစ်မှု ကျူးလွန်သူများကို တရားစွဲဆိုနိုင်ရန်အတွက် အမှုအားခိုင်မာစွာတည်ဆောက်ပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့လည်းကောင်း၊ အမျိုးသမီးငယ်၏ နစ်နာဆုံးရှုံးမှုများ အတွက် ထိုက်သင့်သည့် ကူညီစောင့်ရှောက်မှုများပေးနိုင်ပါရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အမျိုးသမီး ရေးရာအဖွဲ့တို့သို့လည်းကောင်း၊ အသက်အထောက်အထားအတွက် နိုင်ငံသားမှတ်ပုံတင်ရရှိရေး ကူညီဆောင်ရွက်ပေးပါရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ လည်းကောင်း မေတ္တာရပ်ခံ ညှိနှိုင်းခဲ့ပါ သည်။

၄။      သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ပြစ်မှုကျူးလွန်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ပုဒ်မ ၃၂၅၊ ပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၆ တို့ဖြင့် တရားရုံးသို့ တရားစွဲတင်ခဲ့ပြီးဖြစ်ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနကလည်း အမှုပြီးမြောက်ချိန်တွင် မသန်းသန်းအိမှ ဆန္ဒရှိပါက လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ရန်ကုန်မြို့၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းတွင် လက်ခံ စောင့်ရှောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိပါကြောင်း ၂၉-၉-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ ကြသည် ဟုသတင်း ရရှိပါသည်။

Recent News