အရှေ့တောင်အာရှ အမျိုးသားလူ့ အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်း အဖွဲ့အစည်းအဝေး ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင် အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖိုရမ်၏ ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ Video Conferencing ပုံစံဖြင့် ကျင်းပသွားရန်စီစဉ်ထားရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် ဖိုရမ် လုပ်ငန်းအဖွဲ့အစည်းအဝေး၏ ပထမနေ့ အစည်းအဝေးကို Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင် တက်ရောက်ခဲ့ကြကာ အခြားဖိုရမ် အဖွဲ့ဝင်များ ဖြစ်သည့် မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေ နိုင်ငံတို့မှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကို Video Conferencing ပုံစံဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း၊ ဖိုရမ်အနေဖြင့် Video Conferencing ပုံစံဖြင့် အစည်းအဝေးကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ပါဝင်တက်ရောက်ကြသည့် ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များကို ကျေးဇူးတင်ပါကြောင်း စသည်ဖြင့် ပြောကြား ပါသည်။

    ဆက်လက်၍ ဖိုရမ် ၁၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အပြီး ဖိုရမ်အဖွဲ့ဝင်များ၏ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် တိုးတက်ဆောင်ရွက်ချက်များကို ဖိုရမ်အဖွဲ့ဝင်ကော်မရှင်များ က တင်ပြဆွေးနွေးကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်က “ဖိုရမ်၏ (၁၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးအပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တိုးတက်ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင် ကော်မရှင်များက တင်ပြဆွေးနွေး ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့ပါသည်။

ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် Video Conferencing ပုံစံဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

 

Recent News