၂၀၁၉ ခုနှစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြားသည့် အမှာစကား (ရန်ကုန်မြို့၊ မြို့တော်ခန်းမ၊ ၃ – ၅ -၂၀၁၉)

  • News

၂၀၁၉ ခုနှစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်များ၏ အရေးပါသော အခန်းကဏ္ဍနှင့် ရပိုင်ခွင့်များကို မီးမောင်းထိုးပြသော ထူးခြားသည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ညွှန်းသည့် အခါသမယ ဖြစ်ပါသည်။ စိန်ခေါ်မှုများမြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် ဤအချိန်ကာလသည် စာနယ်ဇင်းလောကရပ်တည် ထိန်းသိမ်းနိုင်မှု၏ အရေးပါပုံကို ကျွန်ုပ်တို့အား သတိပေးနှိုးဆော်လိုက်သည့်နေ့လည်း ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုကြိုဆိုရာ၌ ကမ္ဘာတစ်လွှားရှိ နိုင်ငံအသီးသီးက ရွေးကောက်ပွဲများတွင် လတ်တလော စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် မီဒီယာများကိစ္စနှင့် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူဖြစ်စေသော မီဒီယာ၏ အရေးပါမှုများကို ဖော်ညွှန်းထားပါသည်။

လွတ်လပ်၊ မှီခိုမှုကင်းပြီး သဘောထားမျိုးစုံပါဝင်မှုကို အခြေခံသည့် သတင်းအချက်အလက်ရပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည် ဒီမိုကရေစီ ထွန်းကားသောနိုင်ငံများတွင် မီဒီယာ၏ အဓိကကျသော လိုအပ်ချက်များဖြစ်ပါသည်။ အမှန်အားဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်သည် လူ့အခွင့်အရေးအားလုံး၏ မရှိမဖြစ် ကာကွယ်မှုတစ်ရပ်ဖြစ်ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုစားရာတွင် မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူများသို့ အသိပေးခြင်းသည် လွန်စွာမှ အရေးပါလှပါသည်။ ယခုကဲ့သို့ သတင်း၏ အင်အားကြီးမားမှုကို ပုံဖော်နိုင် သည်မှာ အဓိကအားဖြင့် စာနယ်ဇင်းနှင့် ယေဘုယျအားဖြင့် မီဒီယာများပေါ်တွင် မူတည်နေပါသည်။ မှန်ကန်သော သတင်းအချက်အလက်များကို ထောက်ပံ့ပေးခြင်း နှင့် သတင်းသမားများ၏ တန်ဖိုးရှိသော အရည်အသွေးပြည့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုတို့ကို အများကအသိအမှတ်ပြုသော်လည်း သတင်းမီဒီယာ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းနိုင်ဖို့ရာလည်း အရေးကြီးပါသည်။

 

          ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) တွင် ဖော်ပြထားချက်အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းသည် အခြေခံလူ့အခွင့်အရေး ဖြစ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါသည်။ အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာနှင့် လွတ်လပ်စွာစွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာ တစ်ရပ်ရပ်မှ တစ်ဆင့် နယ်နမိတ်အပိုင်းအခြားမရှိရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်းပါဝင်သည်။

ပြည်သူ့ရေးရာနှင့်နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် (၁၉) ၊ အပိုဒ်ခွဲ ၃ တွင် ဖော်ပြထားသည့် အချက်များဖြစ်သည့် နိုင်ငံတော်လုံခြုံရေး၊ အခြားသူများ၏အခွင့်အရေးများ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုaများကို လေးစားရန်စသည့် အချက်များကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကို ကျင့်သုံးခြင်းတွင် ကန့်သတ်ခြင်းများ ရှိနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။

ထို့အတွက်ကြောင့်လည်း သတင်းသမားများ၏ အခန်းကဏ္ဍမှာ မည်သို့မျှ အတိမ်းအစောင်းမခံသော ကဏ္ဍမှ ပါဝင်နေရပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကို ကျင့်သုံးနေသည့် တစ်ချိန်တည်းမှာပင် ဥပဒေဘောင်အတွင်းမှ အဆိုပါအခွင့်အရေးကို ကျင့်သုံးရမည်လည်းဖြစ်သည်။

          ယခုကျင်းပတဲ့ အထိမ်းအမှတ်အခမ်းအနားတွင် သတင်းသမားများ အာရုံစိုက်ထားရမည့် အဓိကအချက်မှာ ၂၀၁၉ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့၏ဆောင်ပုဒ် နှင့် နီးကပ်စွာ ချိတ်ဆက်ထားသည့် SDGs ပန်းတိုင်များကို အောင်မြင်စွာရယူနိုင်ရေးတွင် လွတ်လပ်ပြီး၊ အရည်အချင်းပြည့်မီသော သတင်းများပါဝင်လာနိုင်ရေးနှင့် ထိရောက်စွာ အားကောင်းလာစေရန်အတွက် ပံ့ပိုးပေးရေးတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan, MSDP) တွင် SDGs ပန်းတိုင်များလည်း ဆက်စပ်ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းသမားများ၏လုံခြုံမှုကို အကာအကွယ်ပေးနိုင်မှသာ ပဋိပက္ခများတားမြစ်ရေး၊ ဒီမီုကရေစီလုပ်ငန်းစဉ်များ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့ပြုရေးတို့တွင် သတင်းနှင့် စာနယ်ဇင်းသမားများသည် အရေးပါသောကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။ လူအများစု၏ ထင်မြင်ယူဆချက်များ ကိုယ်စားပြုပါဝင်သည့် တိကျမှန်ကန်ပြီး တရားမျှတမှုရှိသော ဘက်မလိုက်သည့် သတင်းအချက်အလက်များ ရယူရေးသည် အရေးကြီးလှသဖြင့် အမှီအခိုကင်းသည့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်တို့ကို အကာအကွယ်ပေးသည့် ဥပဒေများ ပြင်ဆင်ရေးဆွဲ ချမှတ်နိုင်ရေး၊ အကောင်အထည်ဖော်ရေးနှင့် လိုက်နာစေရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

 မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ခိုင်မာမြင့်မားရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးစသည့် ခက်ခဲ နက်နဲသည့် လုပ်ငန်းပေါင်းများစွာတို့ကို ဆောင်ရွက်နေသည့် အချိန်ဖြစ်ရာ၊ ယင်းကိစ္စ များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများနှင့် အခြေအနေမှန်များကို ပြည်သူလူထု သိရှိအောင်ပြုလုပ်ရေးတွင် စာနယ်ဇင်း မီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလျက်ရှိပါသည်။

ပဋိပက္ခဖြစ်နေသည့် ဒေသအချို့တွင် ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်၍ သတင်းအမျိူးမျိုး ဖြစ်ပေါ်လျက်ရှိရာ၊ မှန်ကန်သည့်သတင်း ပြည်သူများရရှိရေးသည် အထူးပင်  အရေးကြီးပါသည်။ သတင်းထောက်များသည် လုံခြုံမှုအခြေအနေပေါ်မူတည်ပြီး ပဋိပက္ခဒေသများသို့ လွတ်လပ်စွာသွားရောက် သတင်းရယူပြီး အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ခြင်းဖြင့် မမှန်ကန်သည့် သတင်းများကြောင့် ပြည်သူတို့စိုးရိမ်မှု  ဖြစ်ပွားစေခြင်းကို အချိန်မှီတားမြစ်နိုင်မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် သတင်းထောက်များ ဖမ်းဆီးချုပ်နှောင်ခြင်းခံရကြောင်း သိရှိရသည့်အခါ ညှဉ်းပန်းနှိပ်စက်မှုမခံရစေရေး၊ မိသားစုနှင့်တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရရှိရေး၊ တရားရင်ဆိုင်သည့်အခါတွင် ရှေ့နေငှားရမ်းခွင့်နှင့် တိုင်ပင်ခွင့်ရရှိရေးတို့အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြမေတ္တာရပ်ခံခြင်း၊ ပြည်သူတို့သိရှိရန် သတင်းထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

 ဥပမာအားဖြင့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဖမ်းဆီးခဲ့စဉ်ကလည်း အလားတူပင် ၎င်းတို့ ခံစားပိုင်ခွင့်ရှိသော အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး အတွက် ကော်မရှင်မှ သတင်းထုတ်ပြန် တိုက်တွန်းခဲ့သလို ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်တွင်လည်း ပြည်တွင်းပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသဖြင့် အဆိုပါကိစ္စကို နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထားစဉ်းစားပေးပါရန်နှင့် အယူခံတက်ခွင့်၊ ရှေ့နေနှင့်တွေ့ဆုံခွင့်အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် သတင်းထုတ်ပြန် တိုက်တွန်းခဲ့ပါသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းကို မိမိတို့က လှိုက်လှဲစွာကြိုဆိုပါသည်။ ဧပြီလ (၃၀) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ၏  ရလဒ်များသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးအတွက်လည်းကောင်း ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးရေးအတွက်လည်းကောင်း များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ နိုင်ငံတော်သည် ပြဿနာပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရချိန်တွင် သတင်းမီဒီယာများ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါလျက်ရှိရာ သတင်းမီဒီယာကောင်စီသည် စာနယ်ဇင်းနှင့်မီဒီယာတို့ မိမိတို့လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်ရေးအတွက် အားကိုးအားထားနိုင်သည့် ကောင်စီတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ပြည်သူတို့၏ မျှော်လင့်ချက်ကိုဖြည့်ဆည်းဆောင်ရွက်နိုင်လိမ့်မည်ဟု အားကိုးမျှော်လင့်ရပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါသည်။

Recent News