၂၀၂၁ ခုနှစ်၊ မေလအတွင်း အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့များသည် ၁၂-၅-၂၀၂၁ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်နှင့် စစ်တွေ မြို့မရဲစခန်းအချုပ်ခန်းများအားလည်းကောင်း၊ ၁၉-၅-၂၀၂၁ ရက်နေ့တွင် သံတွဲအကျဉ်းထောင် နှင့် သံတွဲမြို့နယ်မြို့မရဲစခန်း၊ ဂျိတ္တောနယ်မြေရဲစခန်းအချုပ်ခန်းများအား လည်းကောင်း၊ ၂၄-၅-၂၀၂၁ ရက်နေ့တွင် ကျောက်ဖြူအကျဉ်းထောင်နှင့် ကျောက်ဖြူမြို့မရဲစခန်းအချုပ်ခန်းများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲရှိမရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုရှိမရှိ၊ အကျဉ်းထောင် အတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိမရှိနှင့် နေထိုင်စားသောက်မှုအခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။       အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အိပ်ဆောင်၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များ၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းး စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

                                                                                                                                              မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်