ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ – အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားအဆင့်သင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

  • News

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅– အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ အမျိုးသားအဆင့်သင်တန်း (National Training Programme in UN Security Council Resolution 1325– Women, Peace and Security) ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့နှင့် ဥပ္ပ်ဆာလာမြို့တို့တွင် ၂၀၁၆ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ယင်းသင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် တက်ရောက်ခဲ့ပါသည်။

    ယင်းသင်တန်းသို့ တက်ရောက်ရန် Swedish International Development Cooperation Agency (Sida) က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သင့်တော်သူကိုယ်စားလှယ်များကို ဖိတ်ကြားရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသင်တန်းသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ် (၁) ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂) ဦး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ် (၁) ဦး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁) ဦးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂၀) ဦး၊ စုစုပေါင်း သင်တန်းသား (၂၉) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါသင်တန်း၏ ရည်ရွယ်ချက်များမှာ (၁) ပဋိပက္ခများတွင် အမျိုးသမီးများ၏ အခြေအနေနှင့် အထူးလိုအပ်ချက်များအကြောင်း နားလည်သဘောပေါက်မှု ပိုမိုမြှင့်တင်ရန်၊ (၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ ကို အကောင်အထည်ဖော်ရေးအတွက် ကိရိယာနည်းလမ်းများကို အသုံးပြုခြင်း စွမ်းဆောင်ရည်မြင့်မားစေရန်၊ (၃)  နိုင်ငံတော်အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ အား မည်သို့ဆောင်ရွက်နိုင်သည်ကို နားလည်သဘောပေါက်မှု တိုးမြှင့်စေရန်၊ (၄) ပဋိပက္ခများအတွင်း နိုင်ငံရေးဆောင်ရွက်မှုများ၌ အမျိုးသမီးများ၏ လွှမ်းမိုးပါဝင်ဆောင်ရွက်နိုင်မှုအတွက် မည်သို့အသုံးချ အားပေးရန်လိုကြောင်း အသိဉာဏ်တိုးတက်စေရန်နှင့် (၅) ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အပေါ် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုကွန်ယက်ကို တည်ဆောက်ရန်တို့ ဖြစ်ပါသည်။

    အဆိုပါသင်တန်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အကြောင်း မိတ်ဆက်၊ စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လူ့အခွင့်အရေးများအကြောင်း၊ ပြောင်းလဲမှုအတွက် ရည်ရွယ်ခြင်းဆိုင်ရာ စီမံချက်မိတ်ဆက်၊ ကျားမရေးရာမိတ်ဆက်နှင့် ကျားမရေးရာနှင့် ပဋိပက္ခ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ အမြင်မှ လုံခြုံရေးပိုင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားကာကွယ်သူများအပေါ် ရှုမြင်ချက်၊ သင်ကြားရေးနှင့် ဆက်ဆံရေး၊ သတင်း မီဒီယာအစဉ်အလာနှင့် မေးမြန်းခြင်း နည်းနိဿယ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ပဋိပက္ခ၌ လိင်အကြမ်းဖက်မှုနှင့် ကျားမဆိုင်ရာ အကြမ်းဖက်မှု၊ ကျားမရေးရာဆိုင်ရာ ဘတ်ဂျက် ခွဲဝေချထားမှု၊ နိုင်ငံရေး၌ အမျိုးသမီးများ ပါဝင်မှု- ကိုတာစနစ်၊ စီမံချက်ဆိုင်ရာ အမေးအဖြေများ၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာမှု၊ ပဋိပက္ခဆုံးဖြတ်ချက်များ၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေးများ၌ အမျိုးသမီးများပါဝင်မှုနှင့် အာရှတွင် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအကြောင်း စသည့် သင်တန်းဘာသာရပ်များအပေါ် သက်ဆိုင်ရာပုဂ္ဂိုလ်တို့က ပို့ချဆွေးနွေးကြပါသည်။ ထို့ပြင် ယင်းသင်တန်းတွင် ဆွီဒင်ပါလီမန်၊ စတော့ဟုမ်းမြို့ရှိ အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပေးသည့် ရဲနှင့်ပူးပေါင်းဆောင်ရွက်သော အိမ်တွင်းအကြမ်းဖက်မှုစင်တာနှင့် ဥပ္ပ်ဆာလာမြို့ရှိ အမျိုးသားများက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ဆွီဒင်အမျိုးသားစင်တာ စသည့်နေရာများသို့လည်း လေ့လာရေးသွား ရောက်ဆွေးနွေးမှုများပြုလုပ်ပါသည်။ သင်တန်းကာလတစ်လျှောက် အုပ်စုလိုက်ဆွေးနွေးပြီး ပြန်လည်တင်ပြဆွေးနွေးခြင်းများ၊ တစ်ဦးချင်းအမြင် ပါဝင်ဆွေးနွေးမှုများ၊ အမေးအဖြေများဖြင့် ဆွေးနွေးမှုများလည်း ပြုလုပ်ကြပါသည်။

Recent News