စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)  တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ၊ Park Royal Hotel တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များစသည်ဖြင့် စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြသည်။

        ဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ကြိုဆိုနှုတ်ဆက် စကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုများ လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂက ချမှတ်ထားသည့် UN Guiding Principles on Business and Human Rights ကို အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် ကောင်းမွန်သော ကျင့်စဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဆွေးနွေးမည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးနှင့် ဆက်စပ်သော ပြဿနာများအပေါ် ပိုမိုသိရှိ နားလည်မှုရရှိရေးအတွက်  များစွာ အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် UNDP မှ ဌာနေညွှန်ကြားရေးမှူး Mr. Peter Batchelor က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတကာကော်ပိုရေးရှင်းများအတွက် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တစ်ခုပြဋ္ဌာန်းရန် ကမ္ဘာလုံး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုသမိုင်းကြောင်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကဏ္ဍတစ်ခုချင်းစီ၏ ဦးစားပေးနယ်ပယ်များ၌ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားရန် မြန်မာနိုင်ငံ၏ တာရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမှ အခွင့်အလမ်းများ ပေါ်ပေါက်စေကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားပါသည်။ ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က “မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖြစ်ထွန်းလာစေရန်အားပေးမှုတွင် အထူးစီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ အခန်းကဏ္ဍ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ UNDP မှ နည်းပညာအကြံပေးအရာရှိချုပ် Mr. Scott Ciment က “တရားဥပဒေစိုးမိုးရေးနှင့် ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNDP မှ နည်းပညာ ကျွမ်းကျင်သူ Mr. Livio Sarandrea က “ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ၊ လမ်းညွှန်အခြေခံမူများတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည်စေခြင်း၊ စိန်ခေါ်မှုများနှင့် ထိရောက်မှု” ခေါင်းစဉ်နှင့် “စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Heineken စီးပွားရေးလုပ်ငန်းမှ ကိုယ်စားလှယ်က “လူ့အခွင့်အရေးလေးစားလိုက်နာရေးတွင် စီးပွားရေးလုပ်ငန်းများသည်အစိုးရထံမှ အကူအညီ လိုအပ်ပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး မှ Head of Economic and Prosperity ဖြစ်သူ Ms. Claire Kirkham က “ မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ကျင့်ဝတ်နှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း သံတမန်အသိုင်းအဝိုင်းမှ သဘောထားအမြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်း၍ ပညာရှင်များက ဆွေးနွေးသည့် အစီအစဉ်တွင် UNDP မှ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Mr. Sean Lees က အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး “မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပရာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေ၊ International Labour Organization, Myanmar မှ Liaison Officer ဖြစ်သူ Mr. Rory Mungoven၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ Director Ms. Vicky Bowman တို့က ဆွေးနွေးကြပြီး မေးမြန်းချက် များကို ဖြေကြားခဲ့ကြသည်။

Recent News