မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်မြှင့်တင် ရေးရှင်းလင်းပွဲ ကျင်းပခြင်း

  • News

        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP), ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR), အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF) တို့နှင့် ပူးပေါင်း၍ ကော်မရှင်၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဆောင်ရွက်မည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် APF က ကော်မရှင်၏ လက်ရှိစွမ်းဆောင်ရည်ကိုသုံးသပ်ပြီးနောက် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အကြံပြုမည်ဖြစ်သည်။ သို့ဖြစ်ရာ APF ၏ အကြီးတန်းသံတမန်ဖြစ်သည့် ယခင်နယူးဇီလန် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌMs. Rosslyn Joy Noonan က ၎င်းအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရပ်များရှင်းလင်းပွဲကို ၁၇-၁၀-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းယားလိပ်ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါရှင်းလင်းပွဲသို့ ကုလသမဂ္ဂနှင့် အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက် ရေးမိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ကနေဒါ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်၊ နော်ဝေ၊ သြစတြေးလျ၊ အီတလီ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် ပြည်ထောင်စုသံရုံးတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ကြသည်။

 ရှင်းလင်းပွဲ၌ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြ နှင့် UNDP ဌာနေ ညွှန်ကြားရေးမှူး Mr. Peter Batchelor တို့က နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် Ms. Rosslyn Joy Noonan က ၎င်းဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ Ms. Noonan က ပြောကြားရာတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းသည် လွတ်လပ်သောနိုင်ငံတော် အဖွဲ့အစည်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးကော်မရှင်များသည် ပြည်တွင်း၌ ဆောင်ရွက်ရသည်သာမက ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကော်မရှင်၏ စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် ၎င်းအားဖိတ်ကြားပါကြောင်း၊ ၎င်းအနေဖြင့် ဆောင်ရွက်ရာတွင် (၁) ကော်မရှင်တွင် လက်ရှိအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှုများ၊ (၂) ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များနှင့်(၃) စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ စသည်တို့ကိုသုံးသပ်၍ အကြံပြုမည်ဖြစ်ကြောင်း၊ လေ့လာသုံးသပ်ရာတွင် ဥပဒေမူဘောင် ကိစ္စရပ်များ၊ ဦးဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာ စီမံချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးခြင်း၊ တိုင်တန်းချက်များ လက်ခံခြင်း၊ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းကိစ္စရပ်များ၊ ပညာပေး ပြန့်ပွားရေးကိစ္စရပ်များ၊ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆောင်ရွက်မှု ကိစ္စရပ်များ၊ စောင့်ကြည့် လေ့လာသုံးသပ်ခြင်း ကိစ္စရပ်များ စသည်တို့ ပါဝင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှင်းလင်းပွဲတက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကိုမေးမြန်းကြရာ APF ၏ အကြီးတန်းသံတမန်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် UNDP ဌာနေညွှန်ကြားရေးမှူးတို့က ပြန်လည် ဖြေကြားကြသည်။

Recent News