အရှေ့တောင် အာရှဒေသအတွင်း ဘာသာရေးနှင့်ကိုးကွယ် ယုံကြည်မှုများ လွတ်လပ်ခွင့် ဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

  • News

၁။      ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော အရှေ့တောင်အာရှဒေသအတွင်း ဘာသာရေးနှင့်ကိုးကွယ် ယုံကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ (ညီလာခံ) သို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်ဒေါ်မြမြတက်ရောက်ခဲ့သည်။

၂။      ဆွေးနွေးပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဘာသာရေးဆိုင်ရာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်များနှင့် အခွင့်အရေးများ ပိုမိုရရှိ မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲကို နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurist – ICJ)၊ အာရှဒေသ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ (Asian forum for Human Rights and Development – FORUM – ASIA) နှင့် လှေစီးဒုက္ခသည်များ SOS (BPSOS) အဖွဲ့ အစည်းတို့ ပူးတွဲလျက် ကျင်းပခဲ့ခြင်းဖြစ်သည်။

၃။      ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်သည့် စုစုပေါင်း ကိုယ်စားလှယ် (၇) ဦး အပါအဝင် လူ့အခွင့်အရေး ခုခံကာကွယ်သူများ၊ ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး တောင်းခံသူအုပ်စုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ အာဆီယံအစိုးရ အချင်းချင်း လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် (AICHR)၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးများ ကာကွယ်ခြင်း နှင့် အားပေးထောက်ကူခြင်းဆိုင်ရာ အာဆီယံကော်မရှင်၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ (NHRIs) အပါအဝင် အခြားအစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၇၀) ဦး တက်ရောက်သည်။

၄။      ဘာသာရေးနှင့်ကိုးကွယ်ယုံကြည်မှုများ လွတ်လပ်ခွင့်ဆိုင်ရာ နယ်ပယ်တွင် အထူး ကျွမ်းကျင်သူ ကုလသမဂ္ဂပညာရှင် Mr. Heiner Bielefeldf နှင့်အတူ ကိုယ်စားလှယ်များ သည် အရှေ့တောင် အာရှဒေသအတွင်း ဘာသာရေးဆိုင်ရာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ရရှိမှုများနှင့် အခွင့်အရေးများအကြောင်းကို အတူတကွ စုပေါင်းပါဝင် ဆွေးနွေး ခဲ့ကြသည်။

၅။      ကုလသမဂ္ဂမှ ကျွမ်းကျင်သူပညာရှင်က ဘာသာရေးလွတ်လပ်ခွင့်နှင့် လူမျိုး၊ ဘာသာ လူနည်းစုဝင်တို့၏ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်နစ်နာစေနိုင်သော အကြောင်းရပ်များ၊ နိုင်ငံရေး အာဏာလှည့်ကွက်အတွင်း မိမိတို့၏ ယုံကြည်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုမှုကို ဘာသာအများစု၏ ဘာသာဝင်များက နှစ်ခြိုက်မှုမရှိသည့် နိုင်ငံရေးသဘော သက်ဝင်သော ဘာသာရေးလွတ်လပ်ခွင့်ကို လျော့ပါးစေနိုင်သည့် အကြောင်းရပ်များကို ဖော်ပြရှင်းလင်း ဆွေးနွေးသည်။

၆။      ဆွေးနွေးပွဲ နှစ်ရက်တာ ကာလအတွင်း ပါဝင်တက်ရောက်ကြသည့် အဖွဲ့အစည်း ကိုယ်စား လှယ်များသည် မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသဆိုင်ရာ အတွေ့အကြုံများနှင့် ခံစားမှုများကို တင်ပြ ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသအတွင်း ဘာသာရေးဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးနှင့် လက်တွေ့လုပ်ဆောင်နေကြသည့် ကောင်းမွန်သော အလေ့အထများ၊ အစိုးရ၏ ချုပ်ကိုင်မှုများ၊ ယင်းတို့ကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် စဉ်းစားတွေးခေါ်မှု အကြံဉာဏ်များနှင့် ဘာသာရေးဆိုင်ရာ ဓမ္မသတ်စည်းမျဉ်းများ၊ ဘာသာရေး အယူသည်းမှုများကို အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။

၇။      ထို့အပြင် ပြောင်းလဲရန်လိုအပ်နေသည့် ဘာသာတရားနှင့် ကိုးကွယ်မှုဆိုင်ရာများကို ပြစ်မှားစော်ကားသည့် ဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်အရ မဖြစ်မနေဆောင်ရွက်ရသည့် ဘာသာ ရေးဆိုင်ရာ မှတ်ပုံတင်ရခြင်းများကို ဖြေလျော့ရုပ်သိမ်းရန်အကြောင်းများနှင့် ဘာသာအယူဝါဒ တူညီကြသူများ အချင်းချင်းအကြား၊ ဘာသာအယူဝါဒ မတူညီကြသူ အုပ်စုများ အချင်းချင်း အကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းသည် အရေးကြီးသော လုပ်ငန်းဖြစ်ကြောင်း တို့ကိုလည်း တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြသည်။

၈။      ဘာသာတရား သို့မဟုတ် ကိုးကွယ်ယုံကြည်မှုများဆိုင်ရာ လွတ်လပ်ခွင့် ပဋိညာဉ် စာတမ်း နှင့် ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုများ လွတ်လပ်ခွင့်အတွက် ဘာသာတရား သို့မဟုတ် ကိုးကွယ်ယုံကြည်မှုများဆိုင်ရာ လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာဥပဒေပြု ပါလီမန်အဖွဲ့၏ နယူးယောက်ဆုံးဖြတ်ချက် (IPPFORB) အပေါ် အခြေခံ၍ ယခုနှစ် ဆွေးနွေးပွဲ၏ ကြေညာချက်ကို ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

Recent News