အာရှ-ပစိဖိတ်ဖိုရမ်၏(၁၈)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပ သည့် ညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှတက်ရောက်ခြင်း

  • News

အာရှ-ပစိဖိတ်ဖိုရမ်၏(၁၈)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပ သည့်ညီလာခံကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကော်မရှင်အဖွဲ့ဝင် (၂) ဦးဖြစ်သော ဦးလှမြင့်၊ ဒေါ်စန်းစန်းတို့သည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားပြုတက် ရောက်ခဲ့ပါသည်။

ကာတာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အလီဘင်စမစ် အမာရီသည် အာရှ-ပစိဖိတ်ဖိုရမ်၏ ယခင်ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌပါမောက္ခ အမရာပူဆပစ်ချ် ထံမှ အာရှ-ပစိဖိတ်ဖိုရမ်၏ သဘာပတိရာထူးကို လွှဲပြောင်းရယူခဲ့ပါ သည်။

အခမ်းအနားစတင်ရာတွင် ဒေါက်တာ အလီဘင် စမစ်အမာရီမှ စိန်ခေါ်မှုများနှင့် ပြဿနာရပ် များကို ပြန်လည်ဖြေရှင်းရန်အတွက် ယန္တရားများနှင့် ပတ်သက်သည့် သဘောတူညီမှု လိုအပ်ချက် နှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် အမြင်ချင်းပူးပေါင်းဆောင်ရွက်မှုတို့အတွက် အစိုးရများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်မှန်သည့် မိတ်ဖက် အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ ဖိုရမ်အနေဖြင့် အသုံးဝင်မည့် အကြံပြုတိုက်တွန်းချက်များ ကိုပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်းကိုလည်း တိုက်တွန်း ပြောကြားခဲ့ပါသည်။ ဖိုရမ်၏ လုပ်ငန်းစဉ် များအနက်တစ်ရပ်မှာ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းတို့ ဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်ရန် နှင့်အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ တည်ထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အပံ့ ပြုရန်ဖြစ်သည် ကိုလည်း ပြောကြားခဲ့သည်။

 

          ညီလာခံတွင် လူ့အခွင့်အရေးကာကွယ်သူများအနေဖြင့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များ၏ဆောင်ရွက်မှု၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရာ တွင်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍနှင့်ဒီမိုကရေစီလမ်းကြောင်းသို့ ငြိမ်းချမ်း စွာအသွင်ကူးပြောင်းမှုကို လုပ်ဆောင်ရာတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် လုပ်ဆောင်ရာတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်မှုတွင်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍ၊အမျိုးသမီးများ နှင့်မိန်းကလေး ငယ်များ၏ လူ့အခွင့်အရေးကို အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မည်သို့မြှင့်တင်ကာကွယ်ပေးမည်နည်းနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများတွင် အမျိုးသမီးများ ၏အခန်းကဏ္ဍနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍစသည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။

 

          ညီလာခံတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးတို့နှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် ရင်ဆိုင်တွေ့ ကြုံရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ အများပြည်သူအား သိရှိစေရန်အတွက် အားထုတ်ကြိုးပမ်းမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

 

          အောက်တိုဘာလ(၁)ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက်အစည်းအဝေးနှင့်(၂)နှစ် တစ်ကြိမ်ကျင်းပသည့် ညီလာခံ၌  အိုမန်နိုင်ငံနှင့် ဆာမိုအာနိုင်ငံတို့ကို အာရှ-ပစိဖိတ်ဖိုရမ်၏တွဲဖက် အဖွဲ့ဝင်သစ်နိုင်ငံများအဖြစ် လက်ခံခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှ-ပစိဖိတ်ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အိန္ဒိယနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ကမ်းလှမ်းမှုကို လက်ခံသဘောတူခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့်အာရှ-ပစိဖိတ်ဖိုရမ်၏အကြိမ်(၂၀)မြောက်နှစ်ပတ်လည် အစည်း အဝေးနှင့် (၂)နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံကို မွန်ဂိုလီးယားနိုင်ငံတွင် လက်ခံကျင်းပရန် မွန်ဂိုလီးယားနိုင်ငံ၏ ကမ်းလှမ်းမှုကိုလည်း သဘောတူညီခဲ့ပါသည်။

          အာရှ-ပစိဖိတ်နှစ်ပတ်လည်အစည်းအဝေးသည် အဓိကဆုံးဖြတ်ချက်များ ချမှတ်သည့် ဖိုရမ် အစည်းအဝေးဖြစ်ပြီး၊ အများသဘောတူညီသည့် မူဝါဒများ ရယူရန်နှင့် အစီအစဉ်အသစ်များကို သဘောတူညီမှုများ ပြုလုပ်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှဆုံးဖြတ်ပေးနိုင်သော အစည်းအဝေး ဖြစ်သည်။

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် ဂျော်ဒန် နိုင်ငံ၊ အာမန်မြို့၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဖိုရမ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး တွင် အာရှ-ပစိဖိတ်ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။

Recent News