ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချ (ရန်ကုန်၊ ဇွန်လ ၂၂ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းလည်းပါဝင်ပါသည် ။
ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီမှ ကျား၊မ တန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးကော်မတီကကြီးမှူး၍ ၂၂-၆-၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်မှ ၁၂:၀၀ နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသော လူငယ်အသိပညာပေး ဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ တက္ကသိုလ် ကျောင်းသူ/ ကျောင်းသားများနှင့် အခြေခံပညာ ကျောင်းသူ/ သားများအပါအဝင် လူငယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက “လူ့အခွင့်အရေးနိဒါန်း” အကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က “လူငယ်များအတွက်လူ့အခွင့်အရေးအရေးပါပုံ” အကြောင်းတို့အား အသီးသီးဟောပြောပို့ချခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

