ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးဆိုသူ သေဆုံးမှုတွင် သက်သေထွက်ဆိုချက် ပေးရန် ပျက်ကွက်ခဲ့ကြသူများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

  • News

ရည်ညွှန်းသည့် ဥပဒေ              

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ

(၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၁)

၁။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၃၅ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-

ကော်မရှင်သည် မိမိစုံစမ်းစစ်ဆေးလျက်ရှိသော ကိစ္စနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပေးနိုင် မည်ဟု ထင်မြင်ယူဆရသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သက်မှတ်ချိန်းဆို ထားသည့်နေရာနှင့် အချိန် တွင် လာရောက်သက်သေခံရန် စာဖြင့် ဆင့်ဆိုခြင်း၊ ကတိသစ္စာ ပြုစေခြင်း၊ စစ်ဆေးမေးမြန်းခြင်း နှင့် ထွက်ဆိုချက်တွင် လက်မှတ်ရေးထိုးစေခြင်းများ ပြုနိုင်သည်”

၂။       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၂၉ တွင်လည်း စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်ရာတွင် တရားမကျင့်ထုံးဥပဒေ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့် သက်သေခံ အက်ဥပဒေတို့ပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင် သည်ဟု ပြဋ္ဌာန်းထားပါသည်။

၃။      အထက်ပါ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဆိုသူ သေဆုံးမှုတွင် သက်သေထွက်ဆိုချက် ပေးရန်အတွက် အောက်ပါပုဂ္ဂိုလ်များကို စာဖြင့် ဆက်သွယ်၍ ဖိတ်ခေါ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန် ပျက်ကွက်ခဲ့ကြပါသည်—

(က)   ဦးနိုင်စိုးမြင့်၊ မွန်အမျိုးသားပါတီ၊အမှတ်(၈၈)၊ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာ ရပ်ကွက်၊ မော်လမြိုင်မြို့။ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ (၁၄.၁၁.၂၀၁၄)ရက်စွဲပါ စာအမှတ်၊ ၁၀၉၄ (၁)/ ၂၁၀/ဦး ၄ အရ ၎င်း၏ဇနီးဒေါ်မိစန်းတင်၏ ပြောကြားချက်အရ လွန်ခဲ့သော ၁၅ ရက်ခန့်ကတည်းက နေအိမ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာ သွားခဲ့ကြောင်းသိရှိရပါသည်။

(ခ)     ဒေါ်သန္တာ၊ အမှတ်(၁)၊ ဆရာဆောင်းလမ်း၊ စောရန်နိုင်အရှေ့ရပ်ကွက်၊ အလုံ မြို့နယ်။

(ဂ)     ဗိုလ်ဌေးနိုင်၊ အမှတ်(၁၀၂၁) နယ်ခြားစောင့်တပ်ရင်း။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ ၁၀.၁၁.၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၃/၂၀၁(၁၃)/ စုံစမ်း/မလကဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် အကြောင်းကြားခဲ့သော်လည်း အကြောင်းပြန်ကြားချက် မရရှိခဲ့ပါ။

၄။        ၎င်းတို့အနက် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၏ဇနီးဆိုသူ ဒေါ်သန္တာထံ မှ သက်သေထွက်ဆိုချက်ရယူရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက် ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်—

(က)     သေဆုံးသူ၏ဇနီး ဒေါ်သန္တာအား တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ၃၁.၁၀.၂၀၁၄ ရက်နေ့ ၁ နာရီချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ လာရောက်ပြီး ထွက်ဆိုချက် ပေးရန် အကြောင်းကြားခဲ့သော်လည်း ၃၁.၁၀.၂၀၁၄ ရက်နေ့ ၁:၂၀ နာရီ   အချိန်တွင် ရှေ့နေဦး ရောဘတ်စန်းအောင်ဆိုသူသာ လာရောက်ခဲ့သဖြင့် အောက်ပါ ကော်မရှင်အဖွဲ့ဝင်များမှ တွေ့ဆုံ၍ ကော်မရှင်၏ ဥပဒေ အပါအဝင် တိုင်တန်းချက်နှင့် စိစစ်ရေးလုပ်ငန်းစနစ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည် ̶

(၁)       ဦးဇော်ဝင်း

            အဖွဲ့ဝင်

            မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(၂)       ဒေါက်တာဉာဏ်ဇော်    

            အဖွဲ့ဝင်

            မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(၃)       ဒေါ်မြမြ

              အဖွဲ့ဝင်

              မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ခ)     သို့ရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့တွင် ရောက်ရှိ             နေသော ဒေါ်သန္တာမှ ၎င်းနှင့် အဖော်တစ်ဦးသာ ဝင်ရောက်၍ သက်သေထွက်ဆိုချက်   ပေးရေး အတွက် သဘောမတူသဖြင့် ပြန်လည်ထွက်ခွါသွားခဲ့ပါသည်။  ကော်မရှင်အဖွဲ့ဝင်များမှ ယခု မတွေ့ဆုံရသော်လည်း နောင်လာရောက် တွေ့ဆုံနိုင်ပါကြောင်း၊   သက်သေထွက်ဆိုချက်ကို စာ ဖြင့်လည်း ရေးသားပေးပို့နိုင်ပါကြောင်း ရှေ့နေဦးရော             ဘတ်စန်းအောင်အား ပြောကြားခဲ့ ပါသည်။

(ဂ)     ဒေါ်သန္တာ၏ သက်သေထွက်ဆိုချက် ရယူရန်အတွက် ရှေ့နေ ဦးရောဘတ် စန်းအောင် နှင့်    တွေ့ဆုံ ပြောကြားမှုများကို  ၃၁.၁၀.၂၀၁၄ ရက်နေ့ ၃ နာရီအချိန်မှ ၄ နာရီ အချိန်ထိ ပဲ့တင်သံဂျာနယ်မှ သတင်းထောက် ဒေါ်ဆွေမာသိန်းလွင် နှင့် Eleven Media Group မှ သတင်းထောက် ဦးနိုင်လင်းတို့အား ကော်မရှင်အဖွဲ့ဝင် (၃) ဦးမှ တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

၅။        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၁၀.၁၁.၂၀၁၄ ပါ ၃/၁၀၁ (၁၄၈၁) /တိုင်ကြား/ မလကဖြင့် ဒေါ်သန္တာအားအဖော်တစ်ဦးနှင့်အတူ ကော်မရှင်ရုံးသို့ ၁၂.၁၁.၂၀၁၄ နေ့ နေ့လည် ၁ နာရီတွင် ကြွရောက်ပါရန် အကြောင်းကြားခဲ့ပါသည်။

၆။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၁၈.၁၁.၂၀၁၄ ပါ ၃/၁၀၁ (၁၅၆၄) /တိုင်ကြား/ မလကဖြင့် ဒေါ်သန္တာ ထံသို့ အောက်ပါအတိုင်း ထပ်မံအကြောင်းကြားခဲ့ ပါသည်—

(က)    ရည်ညွှန်းချက်ပါစာအရ လူကြီးမင်းထံသို့ ၁၀.၁၁.၂၀၁၄ ရက်နေ့တွင် အမြန်ချော ဖြင့် စာပေးပို့ခဲ့ပြီး ၁၂.၁၁.၂၀၁၄ ရက်နေ့၊   နံနက် ၁၀ နာရီတွင် ဒေါ်သန္တာ၏ လက်ကိုင်ဖုန်း ဝ၉ ၄၂၀ ဝ၅၅ ၅၂၆ အား ဆက်သွယ်မေးမြန်းခဲ့ရာ ဒေါ်သန္တာမှ နယ်သို့ ခရီးသွားနေ၍ ချိန်းဆိုသည့်ရက်တွင် မလာနိုင်ကြောင်းနှင့် စာရောက် နေသည်ကို သိရှိသည်ဟု ပြန်လည်ဖြေကြားခဲ့ပါ သည်။

(ခ)    ၁၂.၁၁.၂၀၁၄ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ဖုန်းထပ်ဆက်ရာ ဖုန်း မကိုင်ခဲ့ပါ။

(ဂ)     ၁၄.၁၁.၂၀၁၄ ရက်နေ့ ညနေ ၃ နာရီတွင် ဖုန်းခေါ်သောအခါ ဒေါ်သန္တာ ကိုယ်စား ဦးသန်းကိုဦးမှ ဒေါ်သန္တာအပါအဝင် ရှေ့နေ၊ အမျိုးသမီးအဖော် ၂ ဦး၊ စုစုပေါင်း ၄ ဦး တွေ့ဆုံခွင့်ရမှ လာနိုင်မည်ဖြစ်ကြောင်း စာပို့ပေးပါရန် ပြောကြားခဲ့ပါသည်။

 

(ဃ)    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဥပဒေနှင့် တိုင်တန်းချက်များ စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစနစ်အရ တောင်းဆိုချက်အား ခွင့်ပြုနိုင် ခြင်း မရှိကြောင်း ပြန်ကြားခဲ့ပါသည်။

(င)     သို့သော် ဒေါ်သန္တာအနေဖြင့် ထွက်ဆိုချက်ကို စာဖြင့်ရေးသားပြီး မှန်ကန်ကြောင်း ဒေါ်သန္တာ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ကော်မရှင်ရုံးသို့ ၂၅.၁၁.၂၀၁၄ ရက်နေ့ အရောက်ပေးပို့ နိုင်ပါကြောင်း အကြောင်းပြန်ကြား ခဲ့ပါသည်။

၇။       သို့သော် ဒေါ်သန္တာသည် ကော်မရှင်ရုံးသို့ လာရောက်၍ သက်သေထွက်ဆိုချက်ပေးခြင်း မရှိဘဲ ဒေါ်သန္တာ၏ လွှဲအပ်ညွှန်ကြားချက်အရ ဦးရောဘတ်စန်းအောင်၊ တရားလွှတ်တော်ရှေ့နေ (စဉ် ̶ ၂၄၆၉) ဆိုသူက ၂၂.၁၁.၂၀၁၄ ရက်စွဲပါစာဖြင့် မြန်မာနိုင်ငံ  အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အောက်ပါ အတိုင်း အကြောင်းကြားခဲ့ပါသည်—

စာဖြင့် ပေးရမည့် ထွက်ဆိုချက်ဆိုသည်နှင့် ပတ်သက်၍ မည်သည့်ကိစ္စအကြောင်းအရာ၊ သိရှိ လိုသော မည်သည့်အချက်များ၊ ရှင်းလင်းပြောကြားရမည့်အချက်များ အစရှိသည်တို့ကို စာဖြင့် ကြိုတင်အသိပေးမည်ဆိုပါက ပိုမိုသင့်လျော်ပါကြောင်း”

၈။      ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၄.၁၁.၂၀၁၄ ပါ ၃/၁၀၁(၁၆၀၆)/ တိုင်ကြား/မလကဖြင့် ဒေါ်သန္တာထံသို့ အောက်ပါအချက်များပေးပို့ရန် အကြောင်းကြား ခဲ့ပါသည်—

(က)     အောင်ကျော်နိုင် (ခ) ပါကြီး၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/လမတ(နိုင်) ဝ၁၃၄၉၈ သည် ဒေါ်သန္တာ လက်ဝယ်တွင် ရှိ/မရှိနှင့် မရှိပါက မရှိကြောင်းနှင့် ရှိပါက မျက်နှာ နှစ်ဖက်လုံး မိတ္တူကူးပို့ရန်၊

(ခ)     မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) သို့မဟုတ် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းသို့ အသင်းဝင် လျှောက်ထားခဲ့သော အထောက်အထားများ ရှိ/မရှိနှင့် မရှိပါက မရှိ ကြောင်းနှင့် ရှိပါက မိတ္တူကူးပို့ရန်၊

(ဂ)       အောင်ကျော်နိုင် (ခ) ပါကြီးသည် အလွတ်သတင်းထောက်ဖြစ်သည်ဆိုသော အထောက် အထား ရှိ/မရှိနှင့် မရှိပါက မရှိကြောင်းနှင့် ရှိပါက မိတ္တူကူးပို့ရန်၊

(ဃ)    ကလောင်အမည် အောင်ကြီး သို့မဟုတ် အခြားကလောင်အမည်များဖြင့် ပြည်တွင်း /ပြည်ပ စာနယ်ဇင်းများ၌ ရေးသားဖော်ပြခဲ့သော သတင်းဆောင်းပါး ရှိ/မရှိ၊ မရှိပါ က မရှိကြောင်း နှင့် ရှိပါက မိတ္တူကူးပို့ရန်။       

၉။       သို့ရာတွင် ဒေါ်သန္တာ၏ လွှဲအပ်ညွှန်ကြားချက်အရ ဦးရောဘတ်စန်းအောင်၊ တရားလွှတ် တော်ရှေ့နေ (စဉ် ̶၂၄၆၉/၈၃)ဆိုသူက ၂၉.၁၁.၂၀၁၄ နေ့စွဲပါ “ အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနှင့် စပ်လျဉ်း၍ တောင်းခံသည့် အချက်အလက်များ ကို အကျဉ်းချုံး၍ ပြောကြားခြင်း” ဟူသော စာကို ၁.၁၂.၂၀၁၄ နေ့ နေ့လည် ၃ နာရီ အချိန်ခန့်၌ လကျခံရရှိပွီး ၎င်းငျးစာတှငျ် အောက်ပါအတိုင်း ဖော်ပြထားကြောင်း တွေ့ရှိရပါသည်—

(က)     အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် ခရီးသွား လာစဉ် အမြဲဆိုသလို နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၂/လမတ(နိုင်) ဝ၁၃၄၉၈ ကို ယူဆောင်သွားလာသည်ဖြစ်၍ ၎င်း၏ လက်ဝယ်၌သာရှိကြောင်း၊ အသတ်ခံရစဉ် ၎င်းနှင့် အတူ ရှိနေသောကြောင့် ၎င်းအား မသေဆုံးမီက ခေါ် ဆောင်သွားသော တပ်ရင်းတပ်ဖွဲ့ လက်ဝယ်၌သာ ကျန်ရှိမည်ဖြစ်ပြီး ဒေါ်သန္တာထံ တွင် အိမ်ထောင်စုစာရင်းသာရှိကြောင်း၊

(ခ)     အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် အနေဖြင့် မြန်မာ နိုင်ငံစာနယ်ဇင်းကော်မတီ(ယာယီ) သို့မဟုတ် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းသို့ အသင်း ဝင် လျှောက်ထားခဲ့ခြင်း ရှိ/မရှိဆိုသည်ကို ဒေါ်သန္တာအနေဖြင့် သိရှိခြင်း မရှိပါ ကြောင်း၊

(ဂ)      အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်က ရန်ကုန်တိုင်း ဂျာနယ်တွင် “ အောင်ကြီး” ဆိုသော ကလောင်အမည်ဖြင့် ရေးသားဖော်ပြချက်ကို ပူးတွဲပေးပို့ပါကြောင်း၊ အခြာသော “ အောင်ကြီး” ဆိုသော ကလောင်အမည်ဖြင့် ရေးသားထားသော သတင်းနှင့် ဆောင်းပါးများကို လတ်တလော မရှာဖွေနိုင်သေးသဖြင့် ပေးပို့နိုင်ခြင်း မရှိပါကြောင်း။

၁၀။      ဦးရောဘတ်စန်းအောင်၏ ပြန်ကြားစာမှာ သတ်မှတ်ချိန်ထက် ကျော်လွန်မှ ရောက်ရှိလာ သော်လည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂.၁၂.၂၀၁၄ ပါ ၃/၁၀၁ (၁၆၃၁)/ တိုင်ကြား/မလက ဖြင့် ဦးရောဘတ်စန်းအောင်ထံ အောက်ပါအတိုင်း ပြန်ကြားခဲ့ပါသည်။

 

(က)   ၁.၁၂.၂၀၁၄ နေ့ နေ့လည် ၃ နာရီ အချိန်ခန့်တွင် လက်ခံရရှိပြီး ချက်ချင်းပင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ ဦးပါ အဖွဲ့ငယ်မှ ဖတ်ရှု လေ့လာခဲ့ကြောင်း

(ခ)    ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်သော အထူး အစီရင်ခံစာကို ၁.၁၂.၂၀၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက် ပေးပို့ပြီး ဖြစ်ကြောင်း၊

(ဂ)     ဤကိစ္စ နှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်း ထုတ်ပြန်ချက်ကို Website လိပ်စာ www.mnhrc.org.mm တွင် ဖတ်ရှုနိုင်ပါကြောင်း။

၁၁။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက်များကို စုံစမ်း စစ်ဆေးရာတွင် သက်သေများကို စုံလင်စွာခေါ်ယူပြီး အချိန်ယူ၍ စစ်ဆေးလျက်ရှိပါကြောင်းနှင့် သက်သေများ မှလည်း နိုင်ငံကြီးသားပီသစွာ အချိန်မီ လာရောက်၍ ထွက်ဆိုချက် ပေးကြရန် လိုအပ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်

Recent News