မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ထုံးဘို ကျား (၁) (၂)၊ ထုံးဘို (မ)၊ (၂၄) မိုင် ကုန်ထုတ်စခန်း၊ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်း၊ ချယ်ရီမြေဘိုးဘွားရိပ်သာ၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ၁၆-၁၁-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘို ကျား (၁) (၂)၊ ထုံးဘို (မ) ကုန်ထုတ်စခန်းတို့ကိုလည်းကောင်း၊ ၁၇-၁၁-၂၀၂၆ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ (၂၄) မိုင်ကုန်ထုတ်စခန်း၊ ပြင်ဦးလွင်မြို့မရဲစခန်း အချုပ်ခန်း၊ ပြင်ဦးလွင်မြို့နယ်တရားရုံးအချုပ်ခန်း၊ ပြင်ဦးလွင်ခရိုင် တရားရုံးအချုပ်ခန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်း၊ ချယ်ရီမြေ ဘိုးဘွားရိပ်သာတို့ကိုလည်းကောင်း ကော်မရှင်အဖွဲ့ဝင် ဦးအုန်းခိုင်၊ ဒေါက်တာဆွေဆွေအောင်နှင့် ဦးညီညီတို့ ဦးဆောင်သည့် ကြည့်ရှုစစ်ဆေး‌ရေးအဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကုန်ထုတ်စခန်းများကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု အခြေအနေများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက ဆေးကုသပေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်မှု ရှိ မရှိ၊ အလုပ်နားရက်တွင် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ အကျဉ်းသား/သူများမှ စခန်းစာကြည့်တိုက်ရှိ စာအုပ်များ ငှားရမ်းဖတ်ရှုရာတွင် လွယ်ကူစွာဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးမှု ရှိ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ မရှိ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက် မှု ရှိ မရှိ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှု  ရှိ မရှိ၊ အပူချိန်မြင့်မားသည့် ကာလများအတွင်း လုပ်ငန်းခွင်ဝင်ရောက်မှုအခြေအနေ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/သူ (၅) ဦး တို့ကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

    ထို့နောက် အကျဉ်းသား/သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား/သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ် စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

    ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းနှင့် ချယ်ရီမြေဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နိုင်မှု၊ အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များအား ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ မသန်စွမ်းကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့်ပြုစုပေးနေမှု၊ ပညာဆက်လက်သင်ကြားနိုင်ရေး လေ့ကျင့်ဆောင်ရွက် ပေးနေမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင် လစာ ထုတ်ယူရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ဆက်လက်၍ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများတွင် အချုပ်သားများ၏ ရီမန်ကာလအခြေအနေ၊ အချုပ်သားများထံမှ သိမ်းဆည်းထားသော ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားခြင်း ရှိ မရှိနှင့် အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေများ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေ၊ အချုပ် ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား/သူများအား တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News