ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၆/၂၀၁၅)

  • News

၁။      ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ စုံစမ်း စစ်ဆေးရန် ကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ အထူးအစီရင်ခံစာအဖြစ် တင်ပြပြီး အများပြည်သူ သိရှိနိုင်ရန်အတွက် လည်း ၂-၁၂-၂၀၁၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် ဤအမှု ကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ပါကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

၂။      ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုသည် တန်းပြည့်စစ်မှုထမ်းချိန် အတွင်း ဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့သည့်အတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ စစ်တရားရုံး၏ စီရင်ခွင့်အာဏာအတွင်း ကျရောက်သဖြင့် ၁၉၅၉ ခုနှစ် တပ်မတော်အက် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စစ်ဘက်တရား စီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇) တို့ဖြင့် အမှတ်(၂၁၀) ခြေမြန်တပ်ရင်းမှ အစောင့်စစ်သည် (၂)ဦးဖြစ်သည့် ဒုတိယတပ်ကြပ် ကျော်ကျော်အောင် နှင့် တပ်သား နိုင်လင်းထွန်းတို့အပေါ် တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း နှင့် ယင်းဆုံးဖြတ်ချက်ကို တိုင်းမှူး အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အတည်ပြုခဲ့ကြောင်း သိရှိ ရပါသည်။

၃။      အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှု အပေါ် အရာရှိ စစ်သည်များအား အရေးယူမှုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တပ်မတော် အက်ဥပဒေတို့နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်ကြားချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မေလ( ၈ )ရက်

Recent News