ကော့သောင်းအကျဉ်းထောင်နှင့် ကော့သောင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
၉-၁၁-၂၀၂၁ ရက်နေ့တွင် ကော့သောင်း အကျဉ်းထောင်နှင့် ကော့သောင်းမြို့ပေါ်ရှိ
ရဲစခန်း၊ တရားရုံးအချုပ်ခန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ
ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို
အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော
ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲ ရှိမရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ
ရရှိခြင်း ရှိမရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိမရှိ၊ အကျဉ်းထောင်/အချုပ်ခန်း
များအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် နေထိုင်စားသောက်မှု အခြေအနေများကို
မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အကျဉ်းသူ၊
အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို
မှတ်တမ်းတင်ခဲ့ပါသည်။
၃။ ကော့သောင်းအကျဉ်းထောင်အား
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ အိပ်ဆောင်များ၊
Quarantine
အဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊
ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိနှင့်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို
ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ကော်မရှင်မှ အကျဉ်းထောင်စာကြည့်တိုက်အတွက် ဗဟုသုတ ရဖွယ်ရာ
(သုတ၊ ရသ၊ ဘာသာရေး၊ ကျန်းမာရေး) စာအုပ်စာပေအုပ်ရေ (၂၀၀) ကို အကျဉ်းထောင် တာဝန်ရှိသူများထံ
လှူဒါန်းခဲ့ပါသည်။
၄။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်