ကော်မရှင်က မော်လမြိုင်အချုပ်ထောင်၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ သထုံအကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း (၁၈-၈-၂၀၂၆)

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင် နှင့် ဒေါက်တာဆွေဆွေအောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၇-၈-၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်အချုပ်ထောင်၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ မော်လမြိုင်မြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများကိုလည်းကောင်း၊ ၁၈-၈-၂၀၂၆ ရက်နေ့တွင် သထုံမြို့ရှိ သထုံအကျဉ်းထောင်နှင့် သထုံမြို့မရဲစခန်းအချုပ်ခန်းကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    မော်လမြိုင်အချုပ်ထောင်နှင့် သထုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/သူ၊ အချုပ်သား/သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေ နှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သောအသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ အတန်းပညာ၊ အခြေခံ အရေး အဖတ် အတွက် သင်တန်းနှင့် သက်မွေး ဝမ်းကျောင်းပညာသင်ကြားပေးနေမှု အခြေအနေများ၊ အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိအခြေအနေနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကော်မရှင်နှင့် လွတ်လပ်စွာ သီးခြားတွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများ၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။ အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများကို ကော်မရှင်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။

    ထို့နောက် အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိနှင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    မော်လမြိုင်လူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်း၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ကလေးငယ်များ၏ စိတ်ဒဏ်ရာ၊ လူမှုရေးအရ အပယ်ခံရမည်ကို စိုးရိမ်စိတ်နှင့် မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းများ လျော့ပါးစေရန် စိတ်ဓာတ်ပြုပြင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် စနစ်တကျချမှတ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊  အစားအစာကျွေးမွေးမှုအခြေ အနေ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး ဆောင်ရွက်မှုအခြေအနေ၊ လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှုအခြေအနေများနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှု၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News