ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၈-၃-၂၀၂၆
ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်းနှင့် သာစည်မြို့မရဲစခန်းအချုပ်ခန်းသို့လည်းကောင်း၊ ၁၉-၃-၂၀၂၆ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာမြို့မရဲစခန်းအချုပ်ခန်း၊ အမှတ် (၂) နယ်မြေရဲစခန်းအချုပ်ခန်းနှင့် မိတ္ထီလာဘိုးဘွားရိပ်သာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်းကို
ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်တွင် စုစည်းတွေ့ဆုံကာ
အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု
အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့်
သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုလာရောက်
တွေ့ဆုံနိုင်မှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊
ထောင်ဝင်စာပစ္စည်းများစုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော
အသုံးအဆောင်ပစ္စည်းများရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား
အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊
အချိန်ပိုအလုပ်ဆင်းစေမှု ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ
မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းကာ အကျဉ်းသားများ၏
အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ထမင်းစားဆောင်၊
ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ချိုးရေကန်များနှင့် အတွင်း/အပြင်
မိလ္လာများသန့်ရှင်းမှု ရှိ မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးလျက် ယခင်အကြံပြု ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုများကိုလည်း လိုက်လံစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက်
ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။
မိတ္ထီလာဘိုးဘွားရိပ်သာအား
ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား
အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊
အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ
ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊
ရေ ချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ ကျန်းမာရေးနှင့် ညီညွတ်အောင်ဆောင်ရွက်ထားရှိမှု၊
ဘိုးဘွားများ အနားယူအပန်းဖြေရန်စီစဉ်ဆောင်ရွက်ပေးထားမှု၊
နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ အသက် (၈၅) နှစ်ပြည့်ပြီးသော
သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေးဆောင်ရွက်ပေးနေမှုနှင့်
နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူရရှိမှု အခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
သာစည်မြို့မရဲစခန်းအချုပ်ခန်း၊
မိတ္ထီလာမြို့မရဲစခန်းအချုပ်ခန်းနှင့် အမှတ် (၂) နယ်မြေ ရဲစခန်းအချုပ်ခန်းတို့ကို
သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများအား ချုပ်မိန့်မရှိဘဲ ၂၄ နာရီ ကျော်လွန်ချုပ်နှောင်မှု
ရှိ မရှိ၊ အချုပ်သားများ၏ ရီမန်ကာလအခြေအနေ၊ အချုပ်သားများထံမှ သိမ်းဆည်းထားသော
ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားခြင်းရှိ မရှိ၊ အချုပ်ခန်းများတွင်
နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊
နေထိုင်စားသောက် ရေး စီစဉ်ပေးမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေ၊ အချုပ်ခန်းများအတွင်း
မိလ္လာသုံးစွဲမှုနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ၊
အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို အချုပ်သားတစ်ဦးချင်းအား
တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့်
လေဝင်လေထွက်ကောင်းမွန်မှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်