ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်ရှိ ဘဲလင်း(၁)ကုန်ထုတ်စခန်း၊ ဘဲလင်း(၂)ကုန်ထုတ်စခန်း၊ ကျောက်ဆည်မြို့ရှိ ရွှေစေတီဘိုးဘွားရိပ်သာနှင့် ကျောက်ဆည်မြို့မရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၂-၈-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်ရှိ
အကျဉ်းဦးစီးဌာန ဘဲလင်း (၁) ကုန်ထုတ်စခန်း၊ ဘဲလင်း (၂) ကုန်ထုတ်စခန်း၊
ကျောက်ဆည်မြို့ရှိ ရွှေစေတီဘိုးဘွားရိပ်သာနှင့် ကျောက်ဆည်မြို့မရဲစခန်းအချုပ်ခန်းတို့ကို
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့အား
သက်ဆိုင်ရာကုန်ထုတ်စခန်းတာဝန်ခံများမှ အုပ်ချုပ်ထောက်ပံ့ ဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြကြပါသည်။ ကြည့်ရှုစစ်ဆေးစဉ်
အကျဉ်းသားများကို စားရိပ်သာနှင့် ဓမ္မာရုံတို့တွင် စုစည်းတွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏
အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊
ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန်
ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု အခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊
ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု
အခြေအနေ၊ ကျန်းမာရေး ကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား
ဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး
ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အချိန်ပို အလုပ်ဆင်းစေမှု ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း
ခွဲခြားဆက်ဆံမှု ရှိ မရှိနှင့် ညှင်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို
မေးမြန်းခဲ့ပါသည်။
ဆက်လက်၍ အကျဉ်းသားများ၏
အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ထမင်းစားဆောင်၊
ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု
ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက်
ဗဟုသုတ ရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျောက်ဆည်မြို့ရှိ ရွှေစေတီဘိုးဘွားရိပ်သာအား
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော
ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု
အခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော
သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊
စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊
ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေနှင့် အသက် (၈၅)
နှစ်ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လှုမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး
ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကျောက်ဆည်မြို့မရဲစခန်းအချုပ်ခန်းအား ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊
အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊
မိသားစုနှင့်တွေ့ဆုံနိုင်မှု အခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန် ကာလအတွင်း
စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှုနှင့် မိလ္လာသုံးစွဲမှုအခြေအနေ၊
တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့အား
အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအား
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့
ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



